အသက်တာဆိုင်ရာ



ရန်တွေ့ခြင်းကို မြင်အောင် ဖွင့်ပြခြင်း
==============================
ရန်တွေ့ခြင်းဥာဉ်ဆိုးမှာ နေရာတကာကို လှည့်လည်ဖို့ ငရဲပြည်ကနေပေးအပ် တဲ့ တာဝန်တစ်ရပ်ရှိတယ်။ အဲဒီ ၀ိညာဉ်ဆိုးကို လူ့မျက်စိနဲ့မမြင်ရဘူး။ ဒါပေမဲ့ သူဟာ အမှန်တကယ် တည်ရှိတယ်ဆိုတာကိုတော့ သိနိုင်ပါတယ်။ ခိုက်ရန်ဖြစ်ပွားခြင်းကို အဘိဓာန်ထဲမှာ ဒီလိုတွေ့ရပါတယ်။ "တိုက်ခိုက်ခြင်း၊ မုန်းတီးခြင်း၊ မကြာခဏ ဆိုးဆိုးရွားရွား ပဋိပက္ခဖြစ်ခြင်း၊ ခါးခါးသီးသီး သဲ ကြီးမဲကြီး ရန်ဖြစ်ခြင်း၊ ပြိုင်ဘက်တွေအကြားမှာ ရုန်းကန်ခြင်း၊ အငြင်းပွားခြင်း" ခိုက်ရန်ဖြစ်ပွားခြင်းနဲ့ပတ်သက်ပြီး အခြားဖော်ပြချက်တွေက “ငြင်းခုံခြင်း၊ ပြိုင်ဆိုင်ခြင်း၊ ဆူညံစွာ ငြင်းခုံရာ၌ ပါဝင်ခြင်း၊ စကားရည်လုခြင်း၊ လှုံ့ဆော်ခြင်း၊ အုပ်စုဖွဲ့ခြင်း” စတာတို့ဖြစ်သည်။
          လူတော်တော်များများတို့ဟာ ရန်တွေ့ခြင်းဥာဉ်ဆိုးရဲ့ဖျက်ဆီးခြင်းအောက်မှာ အသက်ရှင်ကြပါတယ်။ ဒါပေမယ့် သူတို့မှာရှိတဲ့ ပြဿနာရဲ့အရင်းခံ ဇစ်မြစ်ကို မသိကြဘူး။ တချို့က နတ်ဆိုးတွေဟာ ဖျက်ဆီးခြင်းရဲ့ နောက်ကွယ်မှာ ရှိတယ်လို့ ယုံကြည်ကြတယ်။ ဒါပေမယ့် စာတန်ရဲ့ဝင်ပေါက်ကိုမသိကြပြန်ဘူး။ ဒါကြောင့် စာတန်ကို တံခါးဖွင့်ပေးတတ်ကြတယ်။
          ကျွန်မရဲ့ဟောပြောပွဲမှာ ပုံမှန်လာရောက်ပါဝင်တဲ့ လူကြီးတစ်ယောက်ရဲ့အသက်တာထဲက ဖြစ်ရပ်က သင့်ကို ခိုက်ရန်ဖြစ်ခြင်းထဲမှာ အသက်ရှင်ရတာ ဘယ်လောက်အန္တရာယ်ကြီးသလဲဆိုတာကို သိမြင်စေပါလိမ့် မယ်။ တစ်ညနေခင်းမှာ ဒီလူနဲ့သူ့ဇနီးဟာ အကြီးအကျယ်ငြင်းခုံကြပါတယ်။ အိပ်ရာဝင်ချိန်ရောက်တဲ့အခါ သန့်ရှင်းသောဝိညာဉ်တော်က အဲဒီလူကို သူ့ဇနီးနဲ့ပြန်ပြီး သင့်မြတ်ဖို့ နှိုးဆော်ပါတယ်။ အမျက်မပြေဘဲ နေမ၀င် စေနဲ့ဆိုတဲ့ ကျမ်းပိုဒ်ကို ဖွင့်ပြခံရပါတယ်။ (ဧဖက် ၄း၂၆)။
          သူ လုပ်ရမယ့်အရာကို သူသိပါတယ်။ ဒါပေမယ့် သူ့ရဲ့ဇာတိအသွေးအသား ခေါင်းမာမှုနဲ့ မာနက မှန်တာကို မလုပ်ဖို့ဟန့်တားလာပါတယ်။ သူဟာ အိပ်ရာပေါ်မှာ လူးလိမ့်ပြီး ဟိုလှည့်ဒီလှည့်နဲ့ အိပ်မပျော်နိုင်ဘဲ မနက်ပိုင်း (၂) နာရီထိုးသွားပါတယ်။ အဲဒီမနက်မှာ ဘုရားသခင်က သူ့ကို “သင့်ရဲ့အိမ်ထဲမှာ ဘာတွေကို ၀င်ခွင့် ပေးတာလဲဆိုတာကို ငါပြမယ်”လို့ ပြောပါတယ်။
          ရူပါရုံထဲမှာ အဲဒီလူကြီးဟာ ကြီးမားတဲ့ လက်နက်စုံကို ၀တ်ဆင်ထားတဲ့ ကြောက်စရာကောင်းတဲ့ နတ်ဆိုး တစ်ကောင်ကို မြင်ရပါတယ်။ အဲဒီလူက နတ်ဆိုးဝတ်ဆင်ထားတဲ့ လက်နက်စုံ တစ်ခုချင်းစီရဲ့အဓိပ္ပါယ် ကို နားလည်သွားပါတယ်။ အဲဒီနတ်ဆိုးက မာနဆိုတဲ့ သံခမောက်လုံး၊ မဖြောင့်မတ်ခြင်းဆိုတဲ့ ရင်အုပ်တန်ဆာ၊ ခါးသီးခြင်းဆိုတဲ့ဓား၊ မုန်းတီးခြင်းဆိုတဲ့လွှား၊ စီရင်ခြင်းတူ၊ လိမ်လည်လှည့်စားခြင်းအပေါ်ရုံအင်္ကျီ၊ အမျက်ဒေါသ ဘွက်ဖိနပ်တို့ကို ၀တ်ဆင်ထားပါတယ်။
          ခိုက်ရန်ဖြစ်ပွားခြင်းက ပြဿနာပေါင်းစုံဝင်ရောက်လာဖို့ တံခါးဖြစ်တယ်။ အကြောင်းမူကား၊ ဂုဏ်ပြိုင်ခြင်း၊ ရန်တွေ့ခြင်းရှိလျှင်၊ မငြိမ်မ၀ပ် ရုန်းရင်းခတ်ခြင်း၊ ဆိုးညစ်စွာပြုမူခြင်း အမျိုးမျိုးရှိတတ်၏။ (ယာကုပ်၊ ၃း၁၆)။
          ဒီအချက်ဟာ တန်ခိုးနဲ့ပြည့်တဲ့ သမ္မာတရားဖြစ်တယ်။ ဒီအချက်က ကျွန်ုပ်တို့ကို ရန်တွေ့ခြင်းနဲ့ ဂုဏ်ပြိုင်ခြင်းကို မပြုဘဲနေမယ်ဆိုရင် ပြဿနာအမျိုးမျိုးဖြစ်တဲ့ မငြိမ်မ၀ပ် ရုန်းရင်ခတ်ခြင်း၊ ဆိုးညစ်စွာပြုမူခြင်း၊ ရှုပ်ထွေးခြင်း၊ ပုန်ကန်ခြင်းတွေကိုပါ ဆီးတားပြီးသား ဖြစ်နေပါလိမ့်မယ်။ သန့်ရှင်းသောဝိညာဉ်တော်က ကျွန်မကို ဒီနေ့ပုန်ကန်ခြင်းက လူငယ်အရွယ်သားသမီးတွေနဲ့ မိဘတွေအကြားမှာ အများဆုံးတွေ့ရတယ်ဆိုတာ ကို ဖွင့်ပြပါတယ်။
          လက်ထက်ထိမ်းမြားတဲ့သူ (၁၀၀) မှာ ထက်ဝက်ကျော်တို့ဟာ ကွာရှင်းခြင်းနဲ့ အဆုံးသတ်ကြတယ်လို့ သိရပါတယ်။ ကျွန်မ ကျိန်းသေပြောနိုင်တယ်။ မြောက်မြားစွာသော အိမ်ထောင်ရေးတွေ ပြိုကွဲရတာဟာ ကြွယ်ဝ တဲ့ ခိုက်ရန်ဖြစ်ပွားခြင်းကြောင့်ဖြစ်ပါတယ်။ လူငယ်တွေရဲ့ အသက်တာထဲမှာ ပုန်ကန်တတ်တဲ့လက္ခဏာတွေကို တွေ့ရတာဟာ ခိုက်ရန်ဖြစ်ပွားတတ်တဲ့ မိဘတွေဆီကနေ အမွေဆက်ခံရရှိကြလို့ ဖြစ်ပါတယ်။
          အိမ်မှာ မကောင်းတဲ့ လေထုတွေနဲ့ ပြည့်နေတယ်။ ငြိမ်သက်ခြင်းအစား အမျက်ဒေါသနဲ့ တိုက်ခိုက်ခြင်းအားဖြင့် သားသမီးတွေနဲ့ အသက်တာထဲကို ပုန်ကန်ခြင်းအမွေကို ပေးမိတတ်ကြတယ်။ သူတို့ပုန် ကန်တတ်တာဟာ မှားယွင်းတဲ့ အရပ်မှာ အသက်ရှင်နေကြရလို့ဖြစ်တယ်။ ခိုက်ရန်ဖြစ်ပွားတာဟာ မကောင်းမှန်း သိကြပါတယ်။ ဒါကြောင့် ခိုက်ရန်ဖြစ်ပွားခြင်းကို ဆန့်ကျင်ပုန်ကုန်ကြပါတယ်။ ဒါပေမယ့် ဆန့်ကျင်ပုန်ကန်ခြင်း ကိုယ်၌က အရာရာကို ဆန့်ကျင်နေပါတယ်။ ဆိုးသွမ်းတဲ့ ပတ်ဝန်းကျင်လေထုက သူတို့ကို စိတ်ဆိုးစေပါတယ်။ လူတိုင်းကို ပြဿနာအရှုပ်ထုတ်လို့ မြင်လာကြပါတယ်။
          သူတို့ရဲ့နက်ရှိုင်းတဲ့ နှလုံးသားထဲမှာ ခါးသီးခြင်းအမြစ်စွဲနေတဲ့အတွက် သူတို့ရဲ့ အပြုအမူတွေထဲမှာ ခါးသီးမှုတွေပေါ်လာတယ်။ မိဘတွေရဲ့ သွန်သင်ဆုံးမမှုကို မခံယူကြတာဟာ မိဘတွေအပေါ် စံချိန်မမီဘူးလို့ ရှု မြင်လာကြလို့ဖြစ်တယ်။ အပြောနဲ့အလုပ် မညီဘူးလို့ မြင်လာကြလို့ ဖြစ်တယ်။
          လွန်ခဲ့တဲ့နှစ်အတော်ကြာက ကျွန်မကိုယ်တိုင်ရဲ့အသက်တာမှာရှိတဲ့ ရန်တွေ့တတ်တဲ့ ပြဿနာကို အရင်မကိုင်တွယ်ဘဲနဲ့ သားသမီးတွေကို ဆုံးမသွန်သင်တဲ့အခါ ကျွန်မနဲ့တစ်ပုံစံထဲ ပြုမူလာကြတာကို သတိထားမိပါတယ်။ မကောင်းတဲ့ ပုံသက်သေကို နေ့တိုင်းပြပြီး သားသမီးတွေဆီက ကောင်းတဲ့အပြုအမူကို ကျွန်မ ဘယ်လိုလုပ်မျှော်လင့်လို့ ရနိုင်မှာလဲ။
          ကိုယ်တိုင် ပုံသက်သေမကောင်းဘဲနဲ့ သားသမီးတွေကို သွန်သင်ဆုံးမမယ်ဆိုရင် မလိမ္မာလာကြတဲ့ အပြင် ပိုတောင်ဆိုးသွမ်းလာနိုင်ပါတယ်။ မိဘတွေအနေနဲ့ ကိုယ့်အမှားကို ချက်ချင်း တောင်းပန်တတ်တဲ့ အလေ့အထကို သားသမီးတွေကို ပြသမယ်ဆိုရင် သားသမီးတွေအတွက် ကောင်းတဲ့ ပုံသက်သေကို ပြခြင်းဖြစ် တယ်။
          နှစ်ပေါင်းအတော်အကြာကျွန်မတို့အိမ်ထဲမှာ ရန်တွေ့ခြင်းဥာဉ်ဆိုးဟာ ပုံမှန်လာရောက်တည်းခိုတဲ့ ဧည့် သည် ဖြစ်ခဲ့ပါတယ်။ ကျွန်မရဲ့အသက်တာထဲမှာ လိင်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းအပြောအဆိုနဲ့ ခံစားချက်ပိုင်းဆိုင်ရာ မှာ ဖခင်ရဲ့ အလွဲသုံးစားပြုခြင်းကို ငယ်ငယ်တုန်းက ခံစားခဲ့ရပါတယ်။ မတရားမှုနဲ့ ဒေါသတွေရဲ့အလယ်မှာ ကျွန်မ အသက်ရှင်ခဲ့ရပါတယ်။
          အိမ်မှာ ခံခဲ့ရတဲ့ အလွဲသုံးစားမှုတွေကြောင့် ကျွန်မရဲ့ကလေးဘ၀တစ်လျှောက်လုံးမှာ ကြောက်ရွံ့ခြင်း၊ စိတ်ကသိကအောက်ဖြစ်ခြင်း၊ ရှက်ကြောက်ခြင်းတွေနဲ့ပြည့်နေခဲ့ပါတယ်။ ကျွန်မရဲ့ဖခင်က ရုပ်ပိုင်းဆိုင်ရာနဲ့ပက် သက်ပြီး ကျွန်မကို ဘယ်တော့မှ ဖိအားမပေးခဲ့ပါဘူး။ ဒါပေမယ့် သူလုပ်သမျှအရာကို ကြိုက်ဟန်ဆောင်ဖို့ ဖိအား ပေးခြင်းကိုတော့ခံရပါတယ်။ ကျွန်မရဲ့ခံစားချက်အမှန်ကို ဖွင့်ထုတ်ဖော်ပြခြင်းမရှိသရွေ့ ကျွန်မအထဲမှာ ခါးသီးနာကျင်မှုတွေ ဆက်လက်တည်နေမယ်ဆိုတာ ကျွန်မသိနေတယ်။
          အဖေအလုပ်သွားနေတုန်း ကျွန်မအိမ်ကနေထွက်သွားခဲ့ပါတယ်။ ကျွန်မအပေါ်မှာ စိတ်ဝင်စားမှုတစ် ခဏပဲရှိတဲ့ အမျိုးသားတစ်ယောက်နဲ့ လက်ထက်ခဲ့ပါတယ်။ ကျွန်မရဲ့ လင်ယောက်ျားအသစ်က သူခိုးဂျပိုး၊ ကလေကချေမှန်း နောက်မှ သိခဲ့ရတယ်။ ကာလီဖောနီးယားမှာ ကျွန်မကို သူထားရစ်ခဲ့ပါတယ်။ သူထွက်သွား တဲ့အချိန်မှာ ကျွန်မဆီမှာ ဒေါ်လာ(၁၀)ဆင့် တစ်ရွက်နဲ့ ဆိုဒါပုလင်း တစ်ကာတွန်ပဲ ထားခဲ့ပါတယ်။
          ဒီလို မတရားအနိုင်ကျင့်ခံရခြင်းက ကျွန်မကို စိတ်နာစေတယ်။ ဘာမှမဟုတ်တဲ့အရာနဲ့ စိတ်ဆိုးစေပါ တယ်။ ဒီလို အိမ်ထောင်ရေးပြဿနာတွေကြောင့် ကျွန်မအထဲမှာ ပြဿနာများစွာရှိလာပါတယ်။ ပွင့်ပွင့်လင်း လင်းပြောရင် ကျွန်မဟာ ပေါင်းသင်းဆက်ဆံရ ခက်တဲ့သူ ဖြစ်လာတယ်။
          ဘုရားသခင်နဲ့ မိတ်သဟာယဖွဲ့မှု ဖွံ့ဖြိုးလာတဲ့အခါ ကျွန်မ ငြိမ်သက်ခြင်းကို စတင်ခံစားချင်လာတယ်။ ငြိမ်သက်ခြင်းရှိဖို့ ဆာငတ်မှု ပြင်းပြတောက်လောင်လာတဲ့အခါ ၀ိညာဉ်တော်က ရန်တွေ့ခြင်းနဲ့ ၎င်းရဲ့နောက် ဆက်တွဲ ဆိုးကျိုးတွေကို စတင်ဖွင့်ပြလာပါတယ်။ အဲဒီအချိန်ကနေစပြီး ရန်တွေ့ခြင်းကို ပုလိပ်ရောဂါလို အန္တရာယ်ရှိတဲ့ ရန်သူအဖြစ် စတင်မြင်တွေ့သဘောထားလာပါတယ်။
          ကျွန်မရဲ့ဟောပြောပွဲတစ်ခုပြီးတဲ့နောက် အမျိုးသမီးတစ်ယောက်က ကျွန်မဆီကိုလာပြီး ကျွန်မရဲ့ ‘ရန် တွေ့ခြင်း’ သင်ခန်းစာတိတ်ခွေကို နားထောင်ပြီးတဲ့နောက်မှာ သူ့မိသားစုလွတ်မြောက်ခြင်း ခံစားရတဲ့အကြောင်း လာရောက်ပြောပြပါတယ်။ ကျွန်မရဲ့ ဝေငှချက်ကို နားထောင်ပြီးတဲ့နောက်မှာ ရန်တွေ့ခြင်းဥာဉ်ဆိုးက သူ့မိသားစုဆွေစဉ်မျိုးရိုးတစ်လျှောက်ဝင်ပေါက်ရခဲ့တဲ့အကြောင်း ဖွင့်ပြခြင်းကို ခံစားရပါတယ်။ သူမရဲ့မိသားစု သမိုင်းမှာ ပဋိပက္ခနဲ့ကွာရှင်းခြင်း၊ ညီအစ်ကိုအချင်းချင်းညီအစ်မအချင်းချင်း မုန်းတီးခြင်း၊ သားသမီးနဲ့ မိဘအကြား မုန်းတီးခြင်းတွေရှိခဲ့ပါတယ်။
          သင်ခန်းစာဝေငှချက် နားထောင်ပြီးပြီးချင်း ရန်တွေခြင်းဥာဉ်ဆိုးကို ဆီးတားခဲ့ပါတယ်။ သူမရဲ့အသက် တာမှာ ငြိမ်သက်ခြင်း သက်ရောက်လာပါတယ်။ ပြီးတော့ ဒီသမ္မာတရားအားဖြင့် သူမရဲ့ဆွေမျိုးတွေဟာ အချင်း ချင်းမုန်းတီးခြင်းကနေလွတ်မြောက်လာကြပါတယ်။
          “သင်တို့သည် ငါ၏ဒေသနာ၌ တည်လျှင် ငါ့တပည့်အမှန်ဖြစ်ကြ၏။ သမ္မာတရားကိုလည်း သိကြသဖြင့်၊ ထိုတရားသည် သင်တို့ကိုလွှတ်လိမ့်မည်။”(ယော၊ ၈း၃၁-၃၂)။
          ဒီစာအုပ်ကို ဖတ်ရှုတဲ့သူတိုင်း ခိုက်ရန်ဖြစ်ပွားခြင်းရဲ့ နောက်ကွယ်မှာရှိတဲ့ရန်သူကို ရှင်းလင်းစွာ မြင်တွေ့ကြရမယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ မကြာခဏလူတွေဟာ ဘာမဟုတ်တဲ့ အရေးမပါတဲ့ ကိစ္စတွေအ တွက်နဲ့ ရန်ဖြစ်တတ်ကြတယ်။ ရန်ဖြစ်စေတဲ့ဥာဉ်ဆိုးဝင်ရောက်လာတဲ့အခါ အရာရာဟာ ထိန်းချုပ်မှုကင်းမဲ့လာ ပါတယ်။ လူတွေက စိတ်ဆိုးဒေါသထွက်တတ်ကြတယ်။ ဒါပေမယ့် ပြဿနာ ကဘယ်ကနေစလာလို့ စလာမှန် သတိမပြုမိတတ်ကြဘူး။
          ကျွန်မတို့ရဲ့ အိမ်ထောင်ရေးမိသားစုနဲ့ အမှုတော်လုပ်ငန်းထဲမှာ ကျွန်မရဲ့ခင်ပွန်းဒေးဗ်နဲ့ ကျွန်မဟာ ဆုံး ဖြတ်ချက်ပေါင်းများစွာကို အတူတကွ ချခဲ့ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ရဲ့ပင်ကို ကိုယ်ရည်ကိုယ် သွေးတွေ တူကြလို့ဖြစ်တယ်။ မကြာခဏ သဘောထားအမြင်မတိုက်ဆိုင်တာရှိတတ်ပါတယ်။
          အကြောင်းကိစ္စ တော်တော်များများအတွက် ညှိနှိုင်းဆွေးနွေးကြရပါတယ်။ ဒါပေမယ့် ကျွန်မတို့ ဆွေးနွေးတဲ့အခါတိုင်း ရန်ဖြစ်ခြင်းရဲ့နောက်ဆက်တွဲ ဆိုးကျိုးတွေကြောင့်ဖြစ်တယ်ဆိုတာ သတိပြုမိကြပါတယ်။ ကျွန်မတို့ရဲ့ပေါင်းသင်းဆက်ဆံရေးထဲမှာ၊ အမှုတော်မြတ်လုပ်ငန်းထဲမှာ ခိုက်ရန်ဖြစ်ပွားခြင်းမရှိဖို့ ကြိုးစားကြပါတယ်။
          ရန်လိုခြင်းနဲ့ ရန်ပွားစရာအကြောင်း ဖန်တီးတတ်တဲ့သူတွေကို ကိုင်တွယ်ဖို့လိုပါတယ်။ ရန်တွေ့ခြင်းဟာ လူပုဂ္ဂိုလ်တစ်ယောက်အားဖြင့် ၀င်လာတတ်ပါတယ်။ ကျွန်မတို့ရဲ့ Life In The Word အမှုတော်မြတ်ထဲကို ၀င် လာတဲ့ ၀န်ထမ်းတိုင်းကို အပြစ်တင်ခြင်းနဲ့ ဝေဖန်ခြင်းဟာ ရန်တွေ့ခြင်းဥာဉ်ဆိုးကို ဖိတ်ခေါ်တဲ့ တံခါးဖြစ်တဲ့ အကြောင်း ပြောပြထားရပါတယ်။ ၀န်ထမ်းအချင်းချင်းအပေါ်မှာ ဘယ်လိုထင်မြင်သလဲဆိုတာထက် ဘုရားသခင်အပေါ်မှာ ဘယ်လိုရှုမြင်သလဲဆိုတာကို အကြံပေးကြပါတယ်။ ရန်လိုတိုက်ခိုက်မှုကို အလွယ်တကူ လျစ်လျူရှုတတ်ဖို့နဲ့ ကြွယ်ဝတဲ့ မေတ္တာကရုဏာစိတ်ထားနဲ့ အချင်းချင်း အတူလက်တွဲတတ်ဖို့ သွန်သင်ရပါတယ်။
          ရန်တွေ့ခြင်းဥာဉ်ဆိုးဟာ သင့်ဘ၀ရဲ့အစိတ်အပိုင်းတိုင်းကို ဖျက်ဆီးဖို့အတွက် ငရဲပြည်ကနေ စေလွှတ် လိုက်တဲ့ဝိညာဉ်တစ်ပါးဖြစ်တယ်ဆိုတာကို ဘယ်တော့မှ မမေ့ပါနဲ့။ သင်အောင်မြင်ခြင်းအသက်တာထဲမှာ လျှောက်လှမ်းချင်တယ်ဆိုရင် ရန်တွေ့ခြင်းဥာဉ်ဆိုးကို သတိထားဖို့နဲ့ ရင်ဆိုင်တိုက်ထုတ်တတ်ဖို့ သင်ယူရပါမယ်။ သူ့ကို ဆုတောင်းခြင်းအားဖြင့် စတင်တိုက်ခိုက်လို့ ရပါတယ်။ ဒါပေမယ့် သူ့ကို တိုက်ခိုက်ဖို့ ဧဖက်၊၆း၁၂ ထဲက သွန်သင်ချက်ကို သင် သင်ယူဖို့လိုပါတယ်။
          ငါတို့သည် အသွေးအသားရှိသော ရန်သူတို့နှင့် ဆိုင်ပြိုင်တိုက်လှန်ရကြသည်မဟုတ်၊ အထွဋ်အမြတ်တို့ နှင့်၎င်း၊ အာဏာစက်တို့နှင့်၎င်း၊ လောကီမှောင်မိုက်၌အစိုးတရ ပြုလုပ်သောမင်းတို့နှင့်၎င်း၊ မိုဃ်းကောင်းကင်၌ နေသော နတ်ဆိုးတို့နှင့်၎င်း၊ ဆိုင်ပြိုင်တိုက်လှန်ရကြ၏။
          ရန်တွေ့စေတဲ့ ဥာဉ်ဆိုးကို ဆီးတားဖို့ သင်ယူပါ။ ဒါပေမယ့် သင်ရဲ့အချိန်နဲ့ ခွန်အားကို အချည်းနှီးဖြစ် စေမယ့် ကိစ္စတွေကို ငြင်းပယ်ပါ။ သင့်အသက်တာထဲကို ရန်တွေ့ခြင်းဥာဉ်ဆိုးဝင်လာဖို့ ကြိုးစားနေတဲ့ ၀င်ပေါက် ကို ရှင်းရှင်းလင်းလင်း မြင်တွေ့ဖို့ သင်ယူပါ။
          အဖဘုရား၊ ရန်တွေ့ခြင်းကို သတိထားတတ်ဖို့နဲ့ ဆီးတားတတ်ဖို့ မစတော်မူပါ။ ကျွန်ုပ်ရဲ့မိသားစုနဲ့ ကျွန်ုပ်ရဲ့အသက်တာထဲမှာ ရန်တွေ့ခြင်းဥာဉ်ဆိုးမ၀င်ခင်၊ သူ့ရဲ့ဝင်ပေါက်ကို ကြိုမြင်တတ်ဖို့ မစတော်မူပါ။ အခြားသော သူတွေရဲ့အသက်တာ(သို့) ကျွန်ုပ်ရဲ့အသက်တာမှာ ရန်တွေ့ခြင်းဥာဉ်ဆိုးကို ဖိတ်ခေါ်ကြိုဆိုခြင်း မပြုမိဖို့ ကိုယ်တော်ရဲ့ ကျေးဇူးကရုဏာနဲ့ ပြည့်ဝစေတော်မူပါ။ အာမင်
xxxxxxxx
မှတ်ချက် - - --
ဂျွိုက်မေယာ၏ ရုန်းကန်ခြင်းမရှိသောအသက်တာ (ဘာသာပြန်) စာအုပ်မှ ကူးယူဝေငှသည်။

Comments

Popular posts from this blog

ဘုရားသခင်ကို ချီးမွမ်းသည့်အသက်တာ

ယောသပ်ကို ကျွန်အဖြစ်ရောင်းစားခံရခြင်း

သင်၏တဲရာကို ကျယ်စေလော့