ပုံစံခွက်ထဲကထွက်ဖို့အချိန်ကျပြီ



အဆီးအတားတွေကို ဖျက်ဆီးပစ်လိုက်ပါ

လူမည်သည်ကား ခရစ်တော်၌ရှိလျှင်
အသစ်ပြုပြင်သောသတ္တ၀ါဖြစ်၏။
ဟောင်းသောအရာတို့သည် ပြောင်းလဲ၍
ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ။
(၂ကော၊၅း၁၇)
       
          တစ်ခါက “ဖီးလ်လစ်” ဆိုတဲ့ အမျိုးသမီးဟာ အသက်(၁၆)နှစ်အရွယ်မှာ ကိုယ်ဝန်ရတဲ့အတွက် ကျောင်းကနေအထုတ်ခံရတယ်။ လူတကာရဲ့အထင်အမြင် သေးခြင်း၊ ခွဲခြားဆက်ဆံခြင်းကို ခရတယ်။ ဒါပေမယ့် ဖီးလ်လစ်က “ငါ့သားသမီး တွေကို ဒီလိုနိမ့်ကျတဲ့အသက်တာမျိုးလက်ဆင့်မကမ်းနိုင်ဘူး။ ငါ့ရဲ့ဘ၀ကို ထူးခြား အောင် ငါလုပ်ရမယ်။ ငါ့အတွက် ဘုရားသခင်ပြင်ဆင်တဲ့ရည်မှန်းချက်ကို ပြည့်စုံ အောင် ငါဖြည့်ဆည်းရမယ်။ ဘုရားသခင်ဖြစ်စေချင်တဲ့အတိုင်း ဖြစ်လာဖို့ ငါတက် လှမ်းမယ်” လို့ ၀န်ခံခဲ့တယ်။ သူရဲ့နှလုံးသားထဲမှာ “ဖြစ်နိုင်တယ်၊ တတ်နိုင်တယ်” ဆိုတဲ့အောင်စိတ်ကို ဖွံ့ဖြိုးလာအောင်သူ့ကိုယ်သူအားပေးမြှင့်တင်လိုက်တယ်။ “ဖြစ်လာမှာမဟုတ်ဘူး”ဆိုတဲ့ ပျော့ညံ့တဲ့အတွေးအခေါ်ကို ငြင်းပယ်ခဲ့တယ်။
          ဖီးလ်လစ်ဟာ သူ့ကို ထုတ်ခဲ့တဲ့ကျောင်းမှာပဲ ထမင်းစားလက်မှတ် လိုက် ကောက်ရတဲ့အလုပ်ကို ရရှိတယ်။ လစာအနည်းငယ်ပဲရရှိပေမယ့် အဲဒီအလုပ်အ တွက် ကျေးဇူးတင်ခဲ့ပါတယ်။ ဘုရားသခင်က သူ့အတွက်သာ၍ကောင်းတဲ့အရာ တွေသိုထားတယ် ဆိုတာ သိခဲ့ပါတယ်။ သူဟာ သူ့ဘ၀အတွက် ပိုမိုကြီးမားတဲ့အိမ် မက်ကို မက်ခဲ့ပါတယ်။ အဲဒီကျောင်းမှာ ဒီပလိုမာဘွဲ့ရဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဒီပလို မာဘွဲ့ရပြီးတဲ့အခါ ရပ်တန့်မသွားဘဲ ဆက်လက်ကြိုးပမ်းခဲ့ပါတယ်။ နေ့ဘက်မှာ တစ်နေကုန်အလုပ်လုပ်ပြီး ညဘက်မှာ ကောလိပ်တန်းကို ဆက်တက်ခဲ့ပါတယ်။ အဲဒီမှာ ဘွဲ့တစ်ခုထပ်ရပြန်ပါတယ်။ ဖီးလ်လစ်ဟာ အဲဒီမှာတင် ကျေနပ်ရောင့်ရဲ ခြင်းမရှိသေးဘူး။ ဘွဲ့လွန်ကို ထပ်ယူဖို့ ထပ်မံကြိုးစားခဲ့ပါတယ်။
          ဒီနေ့တော် ဖီးလ်လစ်ဟာ ဘ၀အခြေအနေကောင်းမွန်လာရုံမက သူ့ကို ထုတ်ခဲ့တဲ့ကျောင်း၊ သူထမင်းစားလက်မှတ်လိုက်ကောက်ခဲ့တဲ့ကျောင်းမှာ ကျောင်း အုပ်ကြီးဖြစ်လာပါတယ်။ သူ့အပိုင်းကို သူလုပ်တဲ့အခါ ဘုရားသခင်ကလည်း သူ့အ ပိုင်းကို လုပ်လာပါတယ်။
          ဖီးလ်လစ်လိုပဲ မိတ်ဆွေရဲ့အကောင်းဆုံးနေ့ရက်တွေက အရှေ့နားလေးမှာ ရှိနေပါတယ်။ ဘုရားသခင်ဟာ သင်တောင်းနိုင်၊ တွေးနိုင်တာထက် ပိုပြီး လုပ်ဆောင်စေချင်တယ်။ ဒါကြောင့် သင့်ရဲ့အတိတ်အောင်မြင်မှုတွေအပေါ်မှာ မကျေနပ်မရောင့်ရဲ့လိုက်ပါနဲ့။ အတိတ်ရဲ့ရှုံးနိမ့်မှုတွေအတွက်ကြောင့်လည်း ရပ် တန့်မနေပါနဲ့။ ပိုပြီးကြီးမားတဲ့အရာတွေနဲ့ ပိုပြီးကောင်းမြတ်တဲ့အရာတွေကို ယုံကြည်မျှော်လင့်ဖို့စတင်လိုက်ပါ။ သင့်အိပ်မက်တွေ အကောင်အထည်ပေါ်လာ မယ်လို့ သင်မထင်မှတ်နိုင်ဘူးဆိုရင် ဘယ်တော့မှ တကယ်ဖြစ်လာမှာ မဟုတ်ဘူး။ အတားအဆီးဟာ သင့်ရဲ့အတွင်းစိတ်ထဲမှာ ရှိနေတယ်။
          အဲဒါကို ကျမ်းစာက “မြို့ရိုးမြို့ပြ”လို့ခေါ်တယ် (၂ကော၊၁၀း၎)။ မှားယွင်း တဲ့ တွေးခေါ်ပုံက ကျွန်ုပ်တို့ကို ရှုံးနိမ့်တဲ့ အကျဉ်းသားတစ်ယောက်ဖြစ်စေတယ်။ ဒါ ကြောင့် အပြုသဘောဆောင်တဲ့အတွေးအခေါ်ဟာ သိပ်အရေးကြီးပါတယ်။ အပြု သဘောဆောင်တဲ့မျှော်လင့်ချက်၊ ယုံကြည်ချက်၊ အောင်မြင်ခြင်းတွေကို မွေးမြူဖို့ လိုပါတယ်။
          တစ်စုံတစ်ယောက်က သင့်အသက်တာထဲကို အနုတ်လက္ခဏာစကားလုံး တွေနဲ့ပြောခဲ့တာကို သင်ခံခဲ့ရနိုင်ပါတယ်။ အမြော်အမြင်ရှိတဲ့ ကျွမ်းကျင်သူတွေက သင့်ကို ဘယ်တော့မှ အောင်မြင်မှာမဟုတ်ဘူးလို့ ကြောင်းကျိုးအခိုင်အလုံနဲ့ပြော ဆိုခဲ့ကောင်းပြောဆိုခဲ့နိုင်ပါတယ်။ သူတို့ပြောသလို သင့်မှာ ဆုကျေးဇူးပါရမီမရှိတာ တကယ်မှန်ကောင်းမှန်နေပါလိမ့်မယ်။ မိတ်ဆွေ၊ အဲဒီလို မုသာတွေကို ဘယ်တော့ မှ မယုံပါနဲ့။ ငြင်းပယ်လိုက်ပါ။ အဆုံးစွန်ပြောရမယ်ဆိုရင် ဘုရားသခင်ကိုယ်တိုင် သင့်ဘက်မှာရှိရင် သင့်ကို ဘယ်သူကဆန့်ကျင်နိုင်မှာလဲ။ ဘယ်သူက ဆန့်ကျင်ရဲ မှာလဲ။ ကန့်သတ်ချက်ဘောင်ရှိသမျှကို ချိုးဖျက်ပြီး လတ်ဆက်တဲ့အတွေး၊အပေါင်း လက္ခဏာစိတ်သဘောထားယုံကြည်ချက်တွေကို ယူတင်ဝတ်ဆင်လိုက်ပါ။
          အတွင်းထဲမှာရှိတဲ့ ကန့်သတ်ချက်အဆီးအတားတွေကို ချိုးဖဲ့ဖျက်ဆီးလိုက် မယ်ဆိုရင် သင့်အသက်တာပြောင်းလဲလာပြီး သားသမီးတွေကိုလည်း ကောင်းမွန် တဲ့အမွေကို လက်ဆင့်ကမ်းနိုင်လာမှာဖြစ်တယ်။ သင့်ရဲ့သားသမီး၊ မြေးတွေနဲ့ အနာဂတ်မျိုးဆက်သစ်တွေဟာ လူတွေရဲ့အတွေးထဲမှာ ဖြစ်နိုင်မယ်လို့ ဘယ်တုန်း ကမှမတွေးဖူးတဲ့ ပိုမိုဝေးကွာတဲ့၊ ပိုမိုမြင့်မားတဲ့အရပ်ကို တက်လှမ်းနိုင်မှာဖြစ်တယ်။ ယုံကြည်ခြင်းနဲ့ခြေလှမ်းဖို့၊ အသစ်သောအဆင့်တစ်ခုကို တက်လှမ်းဖို့ သင်ဆန္ဒရှိခဲ့ တဲ့အတွက် အနာဂတ်မျိုးဆက်သစ်တွေက သင်ကြဲခဲ့တဲ့မျိုးစေ့ရဲ့ အသီးအနှံကို ရိတ်သိမ်းကြရမှာ ဖြစ်တယ်။
          ဒီလိုမဟုတ်ဘဲ အတွင်းထဲက အဆီးအတားကို ချိုးဖဲ့ဖျက်ဆီးဖို့ ပျက်ကွက် ခဲ့မယ်ဆိုရင် စက်ဝိုင်းအတွင်းပတ်ပြေးနေတဲ့ဘ၀ကနေ ဘယ်တော့မှ လွတ်မြောက် နိုင်မှာမဟုတ်ဘူး။ ဘုရားသခင်က အီဂျစ်ပြည်မှာ နှစ်ပေါင်း (၄၀၀) ကျွန်ခံခဲ့တဲ့ ဣသရေလလူမျိုးတွေကို ခေါ်ထုတ်တုန်းက ကတိတော်ပြည်ကို ဦးတည်ခဲ့ကြတယ် အဲဒီခရီးစဉ်ဟာ တကယ်တော့ (၁၁) ရက်ကြာခရီးပဲဖြစ်တယ်။ ဒါပေမယ့် နှစ်ပေါင်း (၄၀) ကြာညောင်းခဲ့တယ်။ အဲဒီလိုကြာညောင်းခဲ့ရတာ သူတို့ရဲ့မယုံကြည်မှုနဲ့ နားမ ထောင်ခြင်း၊ တောင်တစ်လုံးကိုပဲ အကြိမ်ကြိမ်လှည့်ပတ်သွားလာခဲ့ကြခြင်းကြောင့် ဖြစ်တယ်။ တိုးတက်ခြင်း၊ တိုးပွားခြင်းအတွေးအခေါ်မရှိခဲ့ကြတဲ့အတွက်ကြောင့်ဖြစ် တယ်။
          ဘယ်လောက်ဝမ်းနည်းစရာကောင်းသလဲ။ ဘုရားသခင်က သူတို့အတွက် ကြွယ်ဝတဲ့နေရာ၊ လွတ်လပ်ခြင်းရှိတဲ့နေရာကို ပြင်ဆင်ပေးထားပါတယ်။ ဒါပေမယ့် ဘုရားသခင်ပေးချင်တဲ့၊ လတ်ဆတ်တဲ့အရာကို လက်ခံရယူဖို့ အသင့်မရှိခဲ့ကြဘူး။ သူတို့နှစ်ပေါင်းများစွာ မွေးမြူခဲ့တဲ့ “ကျွန်”စိတ်ကို မစွန့်ပစ်နိုင်ခဲ့ကြဘူး။ ယုံကြည် ခြင်းနဲ့ အရှေ့ဘက်ကို ရွေ့လျားရမယ့်အစား၊ ကောင်းတဲ့အရာတွေကို မျှော်လင့်ရ မယ့်အစား၊ ရှုံးနိမ့်ခြင်း၊ ဆင်းရဲခြင်းအတွေးအခေါ်နဲ့လှည့်ပတ်သွားလာခဲ့ကြတယ်။ တစ်ချိန်လုံးသူတို့ရဲ့ပြဿနာတွေကို အနီးကပ်ကြည့်ခြင်း၊ တစ်ချိန်လုံးအပြစ်တင်ငြူ စူခြင်း၊ အခက်အခဲအတားအဆီးတွေအပေါ် ညည်းတွားခြင်းတွေနဲ့ လှည့်ပတ်သွား လာခဲ့ကြတယ်။
          ဘုရားသခင်က နောက်ဆုံးမှာတော့ သူတို့ကို အမိန့်ပေးလိုက်ပါတယ်။ “ဟောရပ်အရပ်မှာနေတာလုံလောက်ပြီ”(တရား၊၁း၆)။ ဘုရားသခင်က ကျွန်ုပ်တို့ ကိုလည်း ဒီလိုပြောနေမယ်လို့ ကျွန်ုပ်ယုံကြည်တယ်။ သင့်ကိုယ်သင် ကန့်သတ်ခဲ့ တာ လုံလောက်ပြီ။ တစ်ပုံစံတည်း၊ တစ်သမတ်တည်းဖြစ်ဖို့ တစ်နှစ်ပြီးတစ်နှစ် ကန့် သတ်သတ်မှတ်ချက်စက်ဝိုင်းထဲမှာ အသက်ရှင်တာလုံလောက်ပြီ။ ပုံစံခွက်ထဲကနေ ထွက်ဖို့ အချိန်တန်ပြီ။ အတိတ်ကနာကျင်မှု၊ အနာတရတွေနဲ့ ရှုံးနိမ့်မှုတွေကို စွန့် လွှတ်ဖို့ အချိန်ရောက်ပြီ။ တိုးပွားဖို့၊ ရာထူးတက်ဖို့၊ မျက်နှာသာရဖို့အချိန် ရောက် လာပါပြီ။ ပိုပြီးကောင်းတဲ့အရာတွေ၊ ပိုပြီးကြီးမားတဲ့အရာတွေကို ယုံကြည်မျှော်လင့် ဖို့အချိန်ရောက်လာပါပြီ။

          အဖဘုရား၊ ကျွန်ုပ်ဟာ ယုံကြည်သူတစ်ယောက်ဖြစ်ဖို့အတွက် သံသယစိတ် ရှိတဲ့သူတွေကြားမှာမနေချင်ဘူး။ ကျွန်ုပ်ရဲ့အတွင်းထဲက အဆီးအတားတွေကို ချိုးဖဲ့ ဖျက်ဆီးနိုင်ဖို့ ကိုယ်တော်မစမယ်ဆိုတာ ကျွန်ုပ်ယုံကြည်ပါတယ်။ ကျွန်ုပ်အတွက် ကောင်းတဲ့အရာတွေကို များစွာသိုထားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်ုပ် အတွက် သာမက ကျွန်ုပ်ရဲ့နောင်မျိုးဆက်သစ်တွေအတွက်ပါ အမြောက်အမြား သို ထားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။


>>> ပုံစံခွက်ထဲကထွက်ဖို့အချိန်ကျပြီ <<<
)> JOEL OSTEEN <(
}}} ကျော်သူဇင်(မိုင်းဖြတ်) ဘာသာပြန်သည် {{

Comments

Popular posts from this blog

ဘုရားသခင်ကို ချီးမွမ်းသည့်အသက်တာ

ယောသပ်ကို ကျွန်အဖြစ်ရောင်းစားခံရခြင်း

သင်၏တဲရာကို ကျယ်စေလော့