သေသောသူ၊ ပြန်ရှင်သောသူ၊ ချည်နှောင်ခြင်းကိုခံသောသူ နှင့် ဖြေလွှတ်ခြင်းကိုခံရသောသူ
အခန်း (၉)
သေသောသူ၊ ပြန်ရှင်သောသူ၊ ချည်နှောင်ခြင်းကိုခံသောသူ
နှင့်
ဖြေလွှတ်ခြင်းကိုခံရသောသူ
(ယော၊ ၁၁း ၄၃-၄၄)
====================================
            “သေသောသူ၊ ပြန်ရှင်သောသူ၊ ချည်နှောင်ခြင်းကိုခံသောသူနှင့် ဖြေလွတ်ခြင်းကိုခံသောသူတို့ခံစားရသော ဘုရားသခင်၏ကျေးဇူးတော်” ဟူသော ခေါင်းစဉ်ဖြင့် ဘုရားသခင်၏ကျေးဇူးတော်ကို ဝေငှလိုပါတယ်။ အခြေပြုရမည့် ကျမ်း ပိုဒ်မှာ (ယော၊၁၁း၄၃-၄၄) ဖြစ်ပါသည်။
            ယနေ့တွင် ကမ္ဘာ၌လူဦးရေ သန်းပေါင်းခြောက်ထောင်ရှိပါသည်။ သူတို့အားလုံးသည် ဘုရားသခင်၏ ရှေ့တော်မှောက်၌ ရပ်နေကြပါက ဘုရားသခင်သည် တစ်ယောက်နှင့်တစ်ယောက်မည်သို့ခွဲခြားမည်နည်း။ ကျွန်တော်အလွန်သိမြင်လိုသည်။
            ချစ်သော …  သောတရှင်များခင်ဗျား
            ဘုရားသခင်သည် လူတို့ကို လေးမျိုးခွဲခြားမည်ဖြစ်သည်။ ၎င်းတို့မှာ သေသောသူ၊ ပြန်ရှင်သောသူ၊ ချည်နှောင်ခြင်းကိုခံသောသူနှင့် ဖြေလွှတ်ခြင်းကိုခံရသောသူဟူ၍ဖြစ်သည်။ မည်သည့်အမျိုးအစားကို သိပြီး ဘုရားသခင်၏ဘုန်းအသရေတော်ကို ကြားပြော သောအသက်တာ၌ အသက်ရှင်ကြရန်ဖြစ်သည်။
            ပထမအနေနှင့် -  သေသောသူအကြောင်းနှင့် ပတ်သက်၍ ပြောလိုပါသည်။
            လူသည် သေမျိုးဖြစ်သည်ကို ကျွန်ုပ်တို့ သိကြပါသည်။ လူအများတို့သည် မိမိတိုပ ခန္ဓာကိုယ်ထက် မိမိ၏၀ိညာဉ်အရင်သေသည်ကို မသကြပါ။ မိဘများမှ မွေးသောသူတိုင်းသည် ၀ိညာဉ်ရေးရာ၌ သေသောသူများဖြစ်ကြသည်။
            ထို့ကြောင့် ဒါဝိဒ်သည် (ဆာလံ၊ ၅၁း၅)၌ “ငါသည် မွေးစကပင် အပြစ်ပါလျက်ရှိပါ၏။ အမိဝမ်းထဲ၌ ပဋိသန္ဓေ ယူစဉ်ပင် အပြစ်စွဲပါ၏။”ဟု ပြောရခြင်းဖြစ်ပါသည်။
            အပြစ်၏အခသေခြင်းဖြစ်ပါသည်။ ထို့ကြောင့် “ပဋိသန္ဓေယူစဉ်အပြစ်စွဲခြင်း” နှင့် “မွေးစကပင် အပြစ်ပါခြင်း”တို့သည် အသွေးအသားနှင့် မဆိုင်ဘဲ ၀ိညာဉ်အသက်နှင့် သက်ဆိုင်သည်။ ၎င်းသည် အာဒံနှင့် ဧ၀တို့ကို ဘုရားသခင်၏ပုံသဏ္ဍာန်တော်နှင့်ဖန်ဆင်း ထားသည်ဟူ၍ ၀ိညာဉ်ရေးရာအမြင်နှင့်လည်းသက်ဆိုင်သည်။ လူသည် ၀ိညာဉ်ရေးရာ၌ ဘုရားသခင်နှင့် မိတ်သဟာယမဖွဲ့နိုင်ပါ။
            ထိုနည်းတူ သေသောဝိညာဉ်ကို ၀ိညာဉ်ဟုခေါ်သော်လည်း ထိုသိုပသော ၀ိညာဉ်သည် အသက်၏အခြေအမြတ်ဖြစ်သော ဘုရားသခင်ထံမှ ဖြတ်တောက်သွားသော ၀ိညာဉ်ဖြစ်သည်။ ထို့ကြောင့် ထိုသို့သော ၀ိညာဉ်သည် ညစ်ညမ်းခြင်းအမျိုးမျိုးနှင့် ပျက်စီးယို ယွင်းလာသည်။
            ဘုရားသခင်၏ နိုင်ငံတော်ကို လုယူရန်နှင့် ဘုရားသခင်ထံတော်မှ ဘုရားဖြစ်ခြင်းကို သိမ်းပိုက်ရန်အတွက် မစားရဟု ဘုရားသခင်ပညတ်ထားသော ကောင်းမကောင်းသိကျွမ်းရာအသီးကို အာဒံယူပြီးစားသည်။ ဤအကြောင်းကြောင့် အာဒံသည် ဧဒင်ဥယျာဉ် ထဲမှ နှင်ထုတ်ခြင်းကိုခံရသည်။ စီးသောရေကိုဖြတ်တောက်ခံရသည့်ရေကဲ့သို့ အာဒံသည် အသက်ဖြစ်လာရာအသက်၏အခြေအမြစ်ဖြစ်သော ဘုရားသခင်ထံမှအဆက်အသွယ်ဖြတ်တောက်ခြင်းကိုခံရသည်။ ထို့ကြောင့် သူ၏၀ိညာဉ်သည် အသေဖြစ်လာသည်။ ထိုအချိန် မှစ၍ လူသည် လောကကြီးထဲသို့ ၀ိညာဉ်ရေးရာ၌ အသေမွေးကြသည်။ ထို့ကြောင့် ဧဖက်၊၂း၁ ၌ လူကို “အပြစ်ဒုစရိုက်၌သေသောသင်တို့”ဟု ခေါ်သည်။
            ထို့ကြောင့် ၀ိညာဉ်ရေးရာ၌ အသေဖြစ်သောသူသည် ဘုရားသခင်၏အမျက်တော်အောက်၌ အဆက်မပြတ်ရှိနေပြီး ဒုတိယသေခြင်းကို ခံရမည်ဖြစ်သည်။ ၀ိညာဉ်ရေးရာ၌ အသေဖြစ်သည့်အခြေ၌ ခန္ဓာကိုယ်တည်းဟူသောမိမိ၏တဲနှင့် ကွာသောသူသည် ထာဝရကာလပတ်လုံးမီးလောင်သည့်အမှိုက်ပုံထဲသို့  ချပစ်ခြင်းကို ခံကြရမည်ဖြစ်သည်။ ထိုသို့သော အခြေအနေထဲသို့ မကျရောက်ကြရန် ကျွန်ုပ်တို့ သတိထားကြရမည်ဖြစ်သည်။
            ဒုတိယအနေနှင့် ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို ကျွန်တော်ပြောလိုပါသည်။
            ယနေ့ အခြေပြုသောကျမ်းပိုဒ်၌ ပြန်ရှင်သော လာဇရုအကြောင်းကို တွေ့ရပါသည်။ လာဇရုသည် လေးရက်လုံးလုံးသေလွန်ခဲ့ပါပြီ။ သူ၏အစွမ်းဖြင့်အသစ်သောအသက်ကို မမစနိုင်ပါ။ သူသည် ဘာသာရေးအခမ်းအနားကျင့်စဉ်သို့မဟုတ် ပညတ်တရားစသည် အားဖြင့် ပြန်၍ မထနိုင်ပါ။ ယနေ့၌ပင်လျှင် ၀ိညာဉ်ရေးရာသင်္ချိုင်းဂူ၌ရှိသောသူတစ်ယောက်သည် မည်မျှပင်မှန်ကန်ဖြောင့်မတ်သောအကျင့်ကျင့်နေပါစေ။ သူ၏ကြိုးစားအားထုတ်မှုအားဖြင့် ပြန်ရှင်၍ မရနိုင်ပါ။
            ယေရှုသည် လာဇရုဂူရှေ့၌ ကျယ်လောင်သောအသံဖြင့် “လာဇရုထွက်လော့”ဟုခေါ်သောအခါ လာဇရုသည် ယေရှုအမိန့်အတိုင်း ပြန်ရှင်လာသည်။ ထိုနည်းတူ ၀ိညာဉ်ရေးရာ သင်္ချိုင်းဂူအထဲ၌ ရှိသောသူစည် သန့်ရှင်းသောဝိညာဉ်တော်တန်ခိုးအားဖြင့် ယေရှုက “ထွက်လာခဲ့လော့”ဟုခေါ်သောအခါမှသာလျှင် ထမြောက်နိုင်မည်ဖြစ်သည်။
            ယေရှုသည် ၀ိညာဉ်ရေးရာ၌ သေသောသူကိုမည်ကဲ့သို့ ရှင်စေနိုင်ပါသနည်း။
            ယေရှုသည် လူအားလုံးကိုယ်စား လက်ဝါးကပ်တိုင်၌ အသေခံခြင်းအားဖြင့် ဘုရားသခင်၏ရှေ့တော်၌ လူ၏ဆန့်ကျင်ပုန်ကန်သော အပြစ်အားလုံးတို့ကို ကျေအေးစေသည်။ ယေရှုသည် သုံးရက်မြောက်သောနေ့၌ ဘုန်းကြီးစွာဖြင့် ရှင်ပြန်ထမြောက်သည်။ ဤ အကြောင်းကြောင့် ယေရှုသည် လူတို့အား သေခြင်းမှပြန်ရှင်စေသည့် အခွင့်အာဏာကို ဘုရားသခင်ထံတော်မှရရှိသည်။
            (ဧဖက်၊၂း၎-၅) သည် “သို့သော်လည်း ဂရုဏာတော်နှင့် ကြွယ်ဝတော်မူသောဘုရားသခင်သည် ငါတို့ကို ချစ်တော်မူသော မဟာမေတ္တာတော်အားဖြင့် ဒုစရိုက်အပြစ်၌ တည်လျက်ရှိနေသော ငါတို့ကို ခရစ်တော်နှင့်အတူ အသက်ရှင်စေတော်မူပြီ။ ကျေးဇူးတော် ကြောင့်သာ ကယ်တင်ခြင်းသို့ရောက်ရ၏။”ဟုဆို၏။
            ထိုကြောင့် ယေရှုသည် သူ့ကို ယုံကြည်သောသူများနှင့် အပြစ်နောင်တရသောသူများအပေါ်၌ ရှင်ပြန်ထမြောက်သော အသက်တာသစ်ကို သွန်းလောင်းသည်။ လူသည် ယေရှုကို သူ၏ကယ်တင်ရှင်အဖြစ် ယုံကြည်ခြင်းဖြင့် ၀ိညာဉ်ရေးရာ၌ ပြန်ရှင်သောအခါ မည်သည့်အသက်တာမျိုးဖြစ်လာမည်နည်း။ သူသည် ဘုရားသခင်၏သားဖြစ်လာကြောင်းကို ချက်ချင်းသိရှိလာမည်ဖြစ်သည်။
            သမ္မာကျမ်းစာသည် (ဂလာတိ၊ ၄း၇)၌ “သို့ဖြစ်၍ သင်တို့သည် နောက်တဖန်အစေအပါးကျွန်မဖြစ်၊ သားပင်ဖြစ်ကြ၏” ဟုဆို၏။
            ထို့ကြောင့် ယေရှုအားဖြင့် ဘုရား၏သားဖြစ်လာသော သူတို့သည် ဘုရားဖန်ဆင်းသည့် ရူပ၊ အရူပကမ္ဘာကြီးကို အမွေခံကြပြီး သခင်ဘုရားနှင့် အတူကာလအစဉ်အဆက် အမွေခံကြမည်ဖြစ်ပါသည်။
            တတိယအနေနှင့် -  ချည်နှောင်ခြင်းခံသောသူအကြောင်းကို ဟောပြောလိုပါသည်။
            လာဇရုသည် ယေရှု၏အမိန့်တော်အတိုင်း သင်္ချိုင်းဂူမှ ထွက်လာသောအခါ သူ၏လက်များနှင့် ခြေထောက်တို့သည် ပိတ်စများနှင့် တကိုယ်လုံးပတ်ထားကာ သူ၏မျက်နှာတစ်ခုလုံးသည် အ၀တ်နှင့် စည်းထားသည်။ ထို့ကြောင့် လာဇရုသည် ပြန်၍ရှင်ပြန်ထ မြောက်သော်လည်း အသက်ရှုခြင်းတစ်ခုမှအပ မည်သည့်အရာတစ်ခုမှမလုပ်နိုင်ပါ။ လာဇရုကို တစ်ယောက်တည်းထားရန်အတွက် ယေရှုသည် မပြောဘဲ သင်္ချိုင်းအ၀တ်တို့ကို ချွတ်ပြီး လွှတ်ရန် မိန့်တော်မူသည်။
            ယနေ့လူများစွာတို့သည် ယေရှုကို ယုံကြည်သောအားဖြင့် အပြစ်သင်္ချိုင်းတွင်းမှ ထွက်လာကြသော်လည်း ယခင်ဆိုးယုတ်သောအသက်တာ၏ချည်နှောင်ခြင်းကို ခံနေရကြသည်။ သူတို့သည် ကယ်တင်ခြင်းကို ရရှိကြပြီ၊ ထမြောက်ကြသော်လည်း ယခင်အသက် တာအတိုင်း မကောင်းမှုတို့သည် သူအားပျက်စီးစေပါက သူတို့ကို ယုံကြည်သူများဟု ခေါ်၍မရပါ။
            ၎င်းသည် “မိမိအန်ဖတ်ပြန်စားသော ခွေးကဲ့သို့၎င်း”၊ “ရေဆေးပြီးသောဝတ်သည် လူးနေသောရွံ့ထဲသို့ပြန်သွားသကဲ့သို့၎င်း” ဖြစ်ပေလိမ့်မည်။ ထိုသို့သော် သူ၏ဩတပ္ပစိတ်ထဲ၌ မလုံမလဲခံစားကြမည်ဖြစ်သည်။ သင်သည် ယေရှုကို ယုံကြည်သောအကျိုးအဖြစ် သန့်ရှင်းသောဝိညာဉ်တော်သည် သင်၏အထဲ၌ အလုပ်လုပ်နိုင်ရန် သင်သည် အပြစ်နွံထဲ၌ ရုန်းကန်နေဆဲဖြစ်သည်။ ဤအကြောင်းကြောင့် ကောင်းသော ဩတပ္ပစိတ်သည် သင့်ကို ဘုရားသခင်ထံတော်သို့ လမ်းပြပြီး စင်ကြယ်သော ဩတပ္ပစိတ်သည် အပြစ်ဒုစရိုက်တို့ ကို စီရင်မည်ဖြစ်သည်။ ထို့ကြောင့် ချည်နှောင်ထားသော အသက်တာအတိုင်း ပင်ပန်းနွမ်းနယ်ရန်နှင့် စိတ်သောကရောက်ရန် မလိုတော့ပါ။
            စတုတ္ထအနေနှင့် -  ဖြေလွှတ်ခြင်းခံရသောသူ အကြောင်းကို ပြောလိုပါသည်။
            ဖြေလွှတ်ခြင်းခံရသည်ဟု ဆိုသည်မှာ ကယ်တင်ခြင်းရသောသူနှင့် လွှတ်ခြင်းအခွင့်ရသောသူကို ဆိုလိုပါသည်။ ယေရှုသည် လာဇရုအား အသက်ပြန်ပေးသောအခါ၌ ယေရှုက “သင်္ချိုင်းအ၀တ်တို့ကို ဖြေကြပါ” ဟုဆို၏။ ဤစကားသည် သင်၏စိတ်ဝိညာဉ် အသက်ပြန်ရှင်သည်နှင့်အညီ သင့်အား ချည်နှောင်ထားသော စိုးရိမ်ပူပန်မှုများ ကြောက်ရွံ့ခြင်းများ မျှော်လင့်ရာမဲ့ခြင်းများ၊ မုန်းတီးခြင်းများစသည်တို့ကို ဖြေပါဟု ဆိုလိုခြင်းဖြစ်သည်။ သင်၏အပြစ်ရှိသော သဘော ရောဂါများနှင့် ဝေဒနာတို့ကို ဖြေလွှတ်ပါ။ ကျိန်ဆဲခြင်း များ၊ ဆင်းရဲခြင်းနှင့် ငြိုငြင်ခြင်းများကို ချွတ်ပစ်လိုက်ပါ။ သင်၏စိတ်ဝိညာဉ်ခန္ဓာကိုယ်၌ လွတ်လပ်သောသူဖြစ်ရန် ဘုရားသခင်အလိုတော်ရှိသည်။
            သမ္မာကျမ်းစာတွင် (၃ယော၊၂)၌ “အချင်းချစ်သူ သင်၏စိတ်နှလုံးကောင်းစားသကဲ့သို့ သင်သည် အရာရာ၌ ကောင်းစားခြင်းနှင့် ကျန်းမာခြင်းရှိမည်အကြောင်း ငါဆုတောင်း၏။” ဟုဆို၏။
            ထို့ကြောင့် သင်သည် ၀ိညာဉ်ရေးရာ၌ လွှတ်ခြင်းအခွင့်ရရှိရန် ဘုရားသခင်အလိုတော်ရှိသည်။ ဘုရားသခင်သည် သင့်အား ၀ိညာဉ်တော်နှင့် ပြည့်စေလိုသည်။ ယုံကြည်ခြင်းနှင့် ပြည့်စေလိုသည်။ မျှော်လင့်ခြင်းနှင့်၎င်း၊ ချစ်ခြင်းမေတ္တာနှင့်၎င်း ပြည့်စေလိုသည်။
            ထို့အပြင် စိတ်ပိုင်းဆိုင်ရာ၌လည်း သင့်အား ဘုရားသခင်လွှတ်စေလိုသည်။ ဘုရားသခင်သည် ဖောက်ပြန်သော အသက်တာ သောက်စားပျော်ပါးသောအသက်တာနှင့် ယစ်မူသောအသက်တာမှ သင့်ကို လွတ်မြောက်စေလိုသည်။
            ဘုရားသခင်သည် သင့်အား အသိုင်းအ၀ိုင်း ပတ်ဝန်းကျင်ဆိုင်ရာတို့၌ လွတ်မြောက်ခြင်းရရှိစေလိုသည်။ ကျိန်ဆဲခြင်းများ၊ ဆင်းရဲဒုက္ခနှင့် ငြိုငြင်ခြင်းတို့မှ သင့်ကို ထွက်လာစေလိုပါသည်။ လာဇရုကို အသက်ပြန်ရှင်စေပြီး သင်္ချိုင်းအ၀တ်များ ချွတ်ပေးပြီးနောက် သူသည် ယေရှုနှင့်အတူ စားသောက်နိုင်ပြီဖြစ်သည်။ ယနေ့၌ပင်လျှင် သင်သည် လုံးလုံးလျားလျား လွှတ်ခြင်းနှင့်အသက်ရှင်ပြီး ယေရှုနှင့်လျှောက်လှမ်းနိုင်သော အသက်တာ၌ အသက်ရှင်နိုင်ပါသည်။ များစွာသော လူတို့သည် ၀ိညာဉ်သေခြင်းမှ ပြန်ရှင်ကြသော်လည်း ယခင်အသက်တာအတိုင်း မကောင်းမှုများနှင့် ချည်နှောင်ခြင်းကို ခံနေရကြသေးသည်။
            ဤအကြောင်းကြောင့် သူတို့သည် ၀မ်းမြောက်ခြင်းနှင့် စိတ်ချမှုကို ဆုံးရှုံးကြရသည်။ သူတို့သည် ကြောက်ရွံ့ခြင်း၊ တုန်လှုပ်ခြင်း အသက်တာ၌ အသက်ရှင်ကြသည်။
            သူတို့သည် အခြားသောသူများအတွက် ပုံသက်သေအဖြစ် အသက်မရှင်နိုင်ကြပါ။
            သင်သည် ဘုရားသခင်၏ရှေ့တော်မှောက်၌ အသက်ပြန်ရှင်ပြီး လွတ်ခြင်းအခွင့်ရသောသူဖြစ်ပါမည့်အကြောင်း လာဇရုကဲ့သို့ လွတ်ခြင်းအခွင့်ကိုရပါမည်အကြောင်း၊ အသက်တာ၌အောင်မြင်ခြင်းရပါမည်အကြောင်း ကျွန်တော် ဆုတောင်းပေးပါသည်။
x x x x x x x x x x x x x x x x x x
## အသက်တာနှင့် နားလည်သိတတ်မှု ##
]]}} ဒေါက်တာဒေးဗစ်ယုံကီချို {{[[
Comments
Popular posts from this blog
ဘုရားသခင်ကို ချီးမွမ်းသည့်အသက်တာ
ယောသပ်ကို ကျွန်အဖြစ်ရောင်းစားခံရခြင်း
သင်၏တဲရာကို ကျယ်စေလော့