ပုံစံခွက်ထဲက ထွက်ဖို့အချိန်ကျပြီ



(၁)
သာ၍တိုးပွားတဲ့အသက်တာ

ငါအမှန်အကန်ဆိုသည်ကား၊ ငါ့ကို
ယုံကြည်သောသူသည် ငါပြုသောအမှုတို့ကို
ပြုလိမ့်မည်။ ထိုအမှုတို့ထက်
သာ၍ကြီးသောအမှုတို့ကိုလည်း ပြုလိမ့်မည်။
အကြောင်းမူကား၊ ငါသည် ခမည်းတော်ထံသို့သွား၍
(ယော၊ ၁၄း၁၂)
       
          ကျွန်ုပ်ဟာ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေတဲ့မိသားစုထဲမှာ ကြီးပြင်း လာရတဲ့အတွက် ကောင်းချီးမင်္ဂလာခံစားရပါတယ်။ ကျွန်ုပ်မှာ စံတင်လောက်တဲ့ မိဘဘိုးဘွားတွေရှိခဲ့တယ်။ ကျွန်ုပ်ရဲ့မိခင်နဲ့ဖခင်ဟာ လောကမှာ ဘ၀ပေါင်းများစွာ ကို တည်ဆောက်ခဲ့ကြတယ်။ ကျွန်ုပ်ရဲ့ မိဘနှစ်ပါးရဲ့ ပြီးစီးအောင်မြင်ခဲ့တဲ့အရာ တွေအတွက် ဂုဏ်ယူဝမ်းမြောက်လို့မဆုံးပါဘူး။ ဒါပေမဲ့ သူတို့ဆီကနေ ကျွန်ုပ် လက်ခံရရှိတဲ့အမွေ၊ ဆက်လက် ဆက်ခံလုပ်ဆောင်ရမဲ့ အမှုတော်အတွက် ကျွန်ုပ် ကျေနပ်ရောင့်ရဲမှာမဟုတ်ဘူး။ ဘုရားသခင်က ကျွန်ုပ်တို့ရဲ့ဘိုးဘွားတွေထက် လက်ရှိ ကျွန်ုပ်တို့ကို ပိုပြီးတော့ တိုးပွားစေချင်တယ်။ ကျွန်ုပ်တို့အယောက်စီတိုင်း ကို ပိုပြီးတော့ ကောင်းချီးခံစားစေချင်တယ်။ သူ့ရဲ့မေတ္တာ၊ သူ့ရဲ့ကောင်းမြတ်ခြင်း တွေနဲ့ သူ့ရဲ့လောကကြီးအပေါ်လွှမ်းမိုးခြင်တွေကို ကျွန်ုပ်တို့ကို ပိုပြီးခံစားစေချင် တယ်။ သူကသင့်ကို လက်ရှိနေရာမှာပဲ ဆက်ပြီး ရှိမနေစေချင်ဘူး။
            ၁၉၉၉ ခုနှစ်၊ အဖေ ခေါ်တော်မူခြင်းခံရပြီးတဲ့နောက် ဟောက်စတန်မြို့လိခ်ဝုဒ် အသင်းတော်ရဲ့သင်းအုပ်အဖြစ် ကျွန်ုပ်တာဝန်စယူတဲ့အချိန်တုန်းက လူတွေက ကျွန်ုပ်ကို အောက်ပါအတိုင်း ခဏခဏလာမေးကြပါတယ်။
            “ဂျိုး၊ နင့်အဖေရဲ့နေရာမှာ နင်တကယ်ပဲအစားထိုးပြီး လုပ်နိုင်ပါ့မလား။ မတန်မဆ ကြီးမားတဲ့တာဝန်ကို သင်ရလိုက်တာပဲ”
            သူတို့ရဲ့ ဆိုလိုရင်းကို ကျွန်ုပ်သဘောပေါက်ပါတယ်။ သူတို့ရဲ့ထောက်ခံမှုတွေကို လည်း ကျွန်ုပ်ဂုဏ်ယူမိပါတယ်။ ဘာဖြစ်လို့လဲဆိုတာ သူတို့ဟာ ကျွန်ုပ်ရဲ့အဖေကိုသိပ်လေး စားကြည်ညိုကြတဲ့လူတွေဖြစ်တယ်။ တစ်ဖက်မှာ ကျွန်ုပ်တို့ရဲ့အသင်းတော်နဲ့အရွယ်အစား တူညီတဲ့အသင်းတော်အများစုတို့ဟာ အစအဦးပြုတည်ထောင်သူတွေမရှိတဲ့နောက်ပိုင်းမှာ ကျဆင်းဆုတ်ယုတ်သွားတဲ့သာဓကတွေရှိနေတယ်။ ကျွန်ုပ်တို့ရဲ့အသင်းတော်ကိုလည်း အဲဒီလိုဖြစ်လာမယ်လို့ထင်မြင်သူတွေက ပိုများနေတယ်။ ဒါပေမဲ့ အဲဒီအရာတွေဟာ ကျွန်ုပ် ကိုစိုးရိမ်အောင်မလုပ်နိုင်ပါဘူး။ ဘုရားသခင်က မျိုးဆက်တစ်ခုကို ထွန်းတောကစေပြီး နောက်မျိုးဆက်ကို မှေးမှိန်ဖို့ အလိုမရှိဘူးဆိုတာ ကျွန်ုပ်သိတယ်။ ဘုရားသခင်က မျိုးဆက် တိုင်းကို တိုးပွားစေချင်တယ်။
            ကျွန်ုပ်ဟာ ကျွန်ုပ်ဖခင်ရဲ့ဖိနပ်ကို တက်စီးပြီး လမ်းလျှောက်ရမှာ မဟုတ်ဘူးဆို တာ နားလည်သဘောပေါက်ခဲ့တယ်။ ကိုယ့်ဖိနပ်ကိုပဲ စီးရမယ်ဆိုတာ နားလည်ခဲ့တယ်။ ကျွန်ုပ်ဟာ ဘုရားသခင်ဖန်ဆင်းထားတဲ့အတိုင်း ဖြစ်နေဖို့ဖြစ်တယ်။ အသင်းတော်ကို ပထမ ဦးဆုံး စတင်ဦးဆောင်ခဲ့တုန်းက လူတွေက ကျွန်ုပ်ကို “ဂျိုး၊ နင့်အဖေဦးဆောင်သလို နင် လုပ်နိုင်မယ်လို့ ထင်သလား” ဆိုပြီး လာလာမေးကြပါတယ်။
            ကြွားဝါဖို့မရည်ရွယ်ပေမယ့် အခုလိုပြန်ဖြေတတ်ပါတယ်။
            “ကျွန်ုပ်အဖေထက် ကျွန်ုပ် ပိုလုပ်ဆောင်နိုင်မယ်လို့ ကျွန်ုပ်ယုံကြည်တယ်။”
            ဒါဟာ ဘုရားသခင်စဉ်းစားတဲ့ပုံစံဖြစ်တယ်။ ဘုရားသခင်ဟာ တိုးတက်စေတဲ့ ဘုရားဖြစ်တယ်။ ကျွန်ုပ်ရဲ့ဖခင်ကမိသားစုကို ဘာမှမရှိတဲ့အခြေအနေကနေ ဒီနေ့အခြေအ နေထိရောက်အောင် ခေါ်ထုတ်ခဲ့ပါတယ်။ သူ အမှုတော်ကို စတင်ခါစတုန်းက ကျမ်းစာအ ကြောင်းနည်းနည်းပဲသိခဲ့တယ်။ နောက်ပိုင်းမှာ တဖြည်းဖြည်းချင်းတိုးတက်လာပြီး လူသန်း ပေါင်းများစွာကို လွှမ်းမိုးနိုင်တဲ့ တရားဟောဆရာဖြစ်လာပါတယ်။ ဒါပေမဲ့ ကျွန်ုပ်ဟာ ကျွန်ုပ် အဖေထက် ပိုလုပ်နိုင်မယ်ဆိုတာ ကျွန်ုပ်ယုံကြည်တယ်။ ပြီးတော့ ကျွန်ုပ်ရဲ့သားသမီးတွေ က ကျွန်ုပ်ထက်ပိုပြီး လုပ်နိုင်ကြမယ်ဆိုတာ ကျွန်ုပ်ယုံကြည်တယ်။ သူတို့သားသမီးတွေ (ကျွန်ုပ်ရဲ့မြေးတွေ)က ကျွန်ုပ်တို့အားလုံးပေါင်းပြီး လုပ်နိုင်တာထက် ပိုပြီး လုပ်နိုင်ကြလိမ့် မယ်ဆိုတာ ကျွန်ုပ်ယုံကြည်တယ်။
            သင်လည်းပဲ သင့်ရဲ့ဘိုးဘေးတွေထက် ပိုပြီး တိုးတက်ဖွံ့ဖြိုးနိုင်ပါတယ်။ ဘုရား သခင်ကို ချစ်တဲ့စိတ်တွေ၊ ကောင်းချီးမင်္ဂလာတွေနဲ့အောင်မြင်မှုတွေကို သင့်ရဲ့သားသမီး တွေကို အမေပေးလို့ရပါတယ်။ မိတ်ဆွေ၊ သင့်ရဲ့လက်ရှိအနေအထားကို ဘယ်တော့မှ အလွယ်တကူမရောင့်ရဲလိုက်ပါနဲ့။ သင်ဟာ ကျွန်ုပ်ရဲ့ဖခင်လို ချို့တဲ့ တဲ့ မိသားစုထဲကလာ တာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် ကြွယ်ဝပြီး ရားထူးရာခံကြီးတဲ့အသိုင်းအ၀ိုင်းထဲ က လာတာဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်နေပါစေ၊ သင်ဟာ သင့်ရဲ့နောက်ခံအသိုင်းအ၀ိုင်း တွေထက် ပိုပြီးကြွယ်ဝဖွံ့ဖြိုးနိုင်ပါတယ်။
            သင်ဟာ အိမ်ထောင်ပြိုကွဲခြင်း၊ ရှုံးနိမ့်ခြင်း၊ စိတ်ဓာတ်ကျဆင်းခြင်း၊ ဖျားနာခြင်း၊
ဒါမှမဟုတ် အခြားပုဂ္ဂိုလ်ရေးဆိုင်ရာ၊ မိသားစုပြဿနာတွေနဲ့ အစဉ်အဆက် လက်ဆင့် ကမ်းလာတဲ့ မိသားစုထဲကနေလာတာဖြစ်ကောင်းဖြစ်မယ်။ ဘယ်လိုပဲဖြစ်ခဲ့ပါစေ။ ဒီနေ့ဟာ ဒီလိုပြောရမယ့်နေ့ဖြစ်တယ်။
            “ငါဟာ အနုတ်လက္ခဏာစိတ်သဘောထားနဲ့ အသက်ရှင်တာကြာညောင်းလှပြီ။ ဒီလိုစိတ်ထားကို ငါ့သားသမီးတွေကို အမွေပေးလို့မဖြစ်ဘူး။ စက်ဝိုင်းအတွင်းပတ်ပြေးတဲ့ မသေချာမရေရာတဲ့၊ ဦးတည်ချက်မဲ့တဲ့အသက်တာကို စွန့်လွှတ်ပြီး မျှော်လင့်ခြင်းရှိတဲ့ အသက်တာနဲ့အစားထိုးဖို့အချိန်ရောက်ပြီ။ ကောင်းမြတ်တဲ့ဘုရားသခင်ဆီက ပိုပြီး ကောင်း တဲ့အရာတွေ၊ ပိုပြီး ကြီးမြတ်တဲ့အရာတွေကို စတင်ယုံကြည်ပါတော့မယ်။ မိုက်မဲတဲ့နေ့ရက် တွေ၊ မိုက်မဲတဲ့အသက်ရှင်မှုတွေ လုံလောက်ပြီ။”

            အဖဘုရား၊ ကျွန်ုပ်ကို အနာဂတ်ရှိတဲ့ သူအဖြစ် မိသားစုတစ်ခုထဲမှာထားတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အတိတ်ရဲ့ကန့်သတ်ချုပ်နှောင်ခြင်းထဲကနေ လွတ်မြောက်စေတဲ့အ တွက်၊ တစ်ချိန်တုန်းက ကိုယ်တော်ပြုခဲ့တဲ့အံ့ဖွယ်အရာတွေထက် ဒီနေ့ ကျွန်ုပ်အသက်တာထဲ မှာ၊ ကျွန်ုပ်ရဲကအသက်တာအားဖြင့် ကိုယ်တော်ပြုပေးမယ်၊ ပိုပြီး ကြီးမားတဲ့အရာအတွက် ကိုယ်တော့်ကို ချီးမွမ်းပါတယ်။

>>> ပုံစံခွက်ထဲကထွက်ဖို့အချိန်ကျပြီ <<<
}}} ကျော်သူဇင်(မိုင်းဖြတ်) ဘာသာပြန်သည် {{{

Comments

Popular posts from this blog

ဘုရားသခင်ကို ချီးမွမ်းသည့်အသက်တာ

ယောသပ်ကို ကျွန်အဖြစ်ရောင်းစားခံရခြင်း

သင်၏တဲရာကို ကျယ်စေလော့