အပြစ်ဒုစရိုက်တို့ကို စွန့်ပစ်ကြပါစို့



အခန်း (၁၀)
အပြစ်ဒုစရိုက်တို့ကို စွန့်ပစ်ကြပါစို့
(ဟေဗြဲ၊ ၁၂း၁-၂)
====================================
            “အပြစ်ဒုစရိုက်တို့ကို စွန့်ပစ်ကြပါစို့” ဟူသော ခေါင်းစဉ်ဖြင့် ဒေသနာတစ်ပုဒ်ကို ဝေငှလိုပါတယ်။ အခြေပြုရမည့် ကျမ်း ပိုဒ်မှာ (ဟေဗြဲ၊၁၂း၁-၂) ဖြစ်ပါသည်။
            အဲဂုတ္တုပြည်နှင့်နို့နှင့်ပျားရည်စီးသော ခါနာန်ပြည်အကြားတွင် ဣသရေလလူတို့သည် သဲကန္တာရကို ကျော်ဖြတ်ရန်ရှိသည်။ များစွာသော သူတို့သည် စာတန်၏ထောင်ချောက် ထဲသို့ ကျရောက်ကာ ဆုံးရှုံးခြင်း၊ သေခြင်းနှင့် ရင်ဆိုင်ကြသည်။ (၁ကော၊၁၀း၁-၁၃)၌ စာတန်၏ထောင်ချောက်နှင့်ပတ်သက်၍ အချက်လေးချက်တင်ပြထားသည်။
            ကျွန်ုပ်တို့သည် ဆီးတားပိတ်ပင်သောအရာနှင့် အလွယ်တကူညိုစွန်းနိုင်သည့်အပြစ်ဟူသမျှတို့ကို တွန်းလှန်ဖယ်ရှားနိုင်ရန်အတွက်၎င်း၊ ယုံကြည်ခြင်းကို အဦးစီရင်၍ ပြည့်စုံ တော်မူသော ယေရှုကို စေ့စေ့ကြည့်နိုင်ရန်အတွက်၎င်း၊ သဲကန္တာရနှင့်တူသော ဤလောကကြီးတွင် အောင်မြင်သော အသက်တာ၌ ယုံကြည်ခြင်းဖြင့် အသက်ရှင်နိုင်ရန်အတွက်၎င်း၊ ဣသရေလလူတို့အားကျဆင်းစေသည်။ နတ်ဆိုး၏ထောင်ချောက်သည် မည်သည့်ထောင်ချောက်မျိုးဖြစ်သည်ကို၎င်း ယခုကြည့်ကြပါစို့။
            ထိုသို့ဆိုသော် ဣသရေလတို့သည် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ပြီး မည်သည့်အပြစ်ဒုစရိုက်တို့ကို ကျူးလွန်ကြပါသနည်း။
            ပထမဦးဆုံးအနေဖြင့် ဣသရေလတို့သည် တခြားသော တိုင်းတပါးတို့၏ နတ်ဘုရားတို့ကို ကိုးကွယ်ကြကာ ဘုရားသခင်၏ဒဏ်ခတ်ခြင်းကို ခံကြရသည်။ နို့နှင့်ပျားရည်စီးသော ခါနာန်ပြည်၌ပင်လျှင် ထာဝရဘုရားကို စွန့်ပယ်ကြကာနေကို၎င်း၊ အာရှတရက်ဘုရားတို့ကို၎င်း ကိုးကွယ်ကြသည်။ ထို့ကြောင့် ဣသရေလတို့သည် တိုင်းတပါးသို့ နယ်နှင်ဒဏ်ခံခြင်းဖြင့် စွန့်ပစ်ခြင်းကို ခံကြရသည်။
            ထိုနည်းတူ ဘုရားသခင်မှအပ အခြားသောအရာတစ်ခုခု ဘုရားအဖြစ်ကိုးကွယ်ပါက ဘုရားသခင်သည် သင့်ကို ငြင်းပယ်မည်ဖြစ်သည်။ မာရ်နတ်သည် သင့်အား ခိုးရန်၊ သတ် ရန်နှင့် ဖျက်ဆီးရန်အတွက် သင့်အသက်တာထဲသို့ဝင်လာမည်ဖြစ်သည်။ သင်သည် ရုပ်တုရှေ့၌ ပြပ်ဝပ်ခြင်းတခါမှမပြုဘူးခဲ့ပါ။ အခြားတပါးသောသူတို့၏ဘုရားကို မကိုးကွယ်ဖူးပါဟု ပြောကောင်းပြောကြမည်ဖြစ်သည်။ သင်သည် သစ်သား၊ ကျောက် သို့မဟုတ် ရုပ်တုတစ်စုံတစ်ခုရှေ့၌ ပြပ်ဝပ်ခြင်းမရှိခဲ့သော်လည်း သင့်စိတ်ထဲ၌ လောဘကို မွေးထားပါက ထိုတပ် မက်ခြင်းသည် ပင်လျှင် ရုပ်တုဖြစ်လာသည်။
            (ဧဖက်၊၅း၅)၌ “မတရားသောမေထုန်၌မှီဝဲသောသူ၊ ညစ်ညူးစွာပြုသောသူ၊ ရုပ်တုကိုးကွယ်သောသူဖြစ်သော လောဘလွန်ကျူးသူတစ်စုံတစ်ယောက်မျှ ခရစ်တော်နှင့် ဘုရားသခင်၏နိုင်ငံတော်၌ အမွေမခံရသည်ကို သင်တို့သိကြ၏။”ဟု ဆို၏။
            ဘုရားသခင်သည် လောဘလွန်ကျူးခြင်းကို ရုပ်တုကိုးကွယ်ခြင်းအဖြစ် သတ်မှတ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် လောဘလွန်ကျူးခြင်းမရှိရန် သတိပြုကြရမည်ဖြစ်သည်။ (ရောမ၊၁၂း၃)အရ ဘုရားသခင်သည် လူတစ်ယောက်စီ၏အစွမ်းအတိုင်း ယုံကြည်ခြင်းကို ပေးခဲ့ပြီးဖြစ်သည်။ ဤအတိုင်းအတာနှင့်အညီ သိပ်သည်းကျစ်လျစ်စွာဖြင့် အသက်ရှင်ကြပါက ဘုရားသခင်သည် ကျွန်ုပ်တို့၏ယုံကြည်ခြင်းနှင့် ၀ိညာဉ်တန်ခိုးကို တိုးမြှင့်ပေးမည်ဖြစ်သည်။
            သို့သော် လူတစ်ယောက်သည် မိမိ၏ယုံကြည်ခြင်းအတိုင်းအတာကို ကျော်လွန်ပြီး “အခြားသောသူများနည်းတူ ကြိုးစားမည်”ဟု ကိုယ့်ကိုကိုယ်ပြောမိပါက မိမိအပေါ်၌ ဆုံးရှုံးခြင်းကျရောက်လာမည်မှာ သေချာသလောက်ဖြစ်ပါသည်။ ထို့ကြောင့် ထိုသို့သော တပ်မက်ခြင်း သင်၌ရှိပါက နောင်တရရန်လိုပါသည်။ သင်၏ယုံကြည်ခြင်းအတိုင်းအတာအတိုင်း သင်သည် ကျစ်ကျစ်လျစ်လျစ်နေထိုင်ရန် အဓိဌာန်ပြုဖို့ လိုပါသည်။
            ဒုတိယအနေဖြင့် - ဣသရေလလူမျိုးတို့သည် မတရားသောမေထုန်ပြုခြင်းအပြစ်ကို ကျူးလွန်ကြသည်။
            ယနေ့ ကမ္ဘာကြီး၌ အဆိုးဝါးဆုံးအခြေအနေကို ရောက်သောပြစ်မှုကျူးလွန်ခြင်းတစ်ခုမှာ မတရားသောမေထုန်ပြုခြင်းပင်ဖြစ်သည်။ မတရားသောမေထုန်ပြုခြင်းသည် ယနေ့ ကမ္ဘာကြီး၌ ထကြွသောင်းကျန်းနေသည်။
            ခါနာန်ပြည်သွားရာလမ်း၌ရှိသော ရှိတ္တိမ်အရပ်၌ ဣသရေလလူမျိုးများ စခန်းချတည်းခိုနေသောအချိန်၌ လူယောက်ျားတို့သည် မောဘအမျိုးသမီးများနှင့် မတရားမေထုန်ပြုကြ သည်။ ထိုအမျိုးသမီးများသည် သူတို့၏နတ်ဘုရားများ၌ ယဇ်ပူဇော်ရန်ဖိတ်ခေါ်ကြသည်။ သူတို့သည် ဘုရားသခင်၏အမျက်တော်ကို နှိုးဆော်ကြပြီး တစ်နေ့ချင်းတွင် လူပေါင်း(၂၄၀၀၀) သေဆုံးကြသည်။ မတရားသောမေထုန်ကို ကျူးလွန်သောသူသည် ဘုရားသခင်၏ဗိမာန်တော်ကို ဖျက်ဆီးခြင်းပင်ဖြစ်သည်။
            (၁ကော၊၃း၁၆)က “သင်တို့သည် ဘုရားသခင်၏ဗိမာန်တော်ဖြစ်ကြသည်ကို၎င်း၊ ဘုရားသခင်၏၀ိညာဉ်တော်သည် သင်တို့အထဲ၌ ကျိန်းဝပ်တော်မူသည်ကို၎င်း၊ မသိကြပါသ လော”ဟုဆို၏။
            ကျွန်ုပ်တို့သည် ယေရှုခရစ်တော်ကို ယုံကြည်ပြီး ယေရှု၏မြတ်သောအသွေးတော်ဖြင့် ဆေးကြောခြင်းကိုခံရသောအခါ ကျွန်ုပ်တို့၏ခနာကိုယ်သည် ဘုရားသခင်၏၀ိညာဉ်တော် နေထိုင်ရာ ဗိမာန်တော်ဖြစ်လာသည်။ ဤအကြောင်းကြောင့် ဘုရားသခင် ဗိမာန်တော်ကို မတရားသောမေထုန်ပြုခြင်းဖြင့် ကျွန်ုပ်တို့ မညစ်ညမ်းစေကြရန်ဖြစ်သည်။
            ခရစ်ယာန်များစွာတို့သည် မတရားသောမေထုန်ပြုခြင်းအပြစ်ကို ကျူးလွန်ကြသည်။ သူတို့သည် အပြစ်၏အခအဖြစ်ဒဏ်ခတ်ခြင်းကို ခံကြရပြီ။ စုံစမ်းစစ်ဆေးခြင်း တစ်ခုပြီးတစ် ခုခံရသောအားဖြင့် ဆုံးမခြင်းကို ခံကြရမည်ဖြစ်သည်။ များစွာသော ခရစ်ယာန်တို့သည် ဆင်းရဲဒုက္ခဖြစ်ရသည့်အကြောင်းရင်းကိုပင် သဘောမပေါက်ကြဘဲ ကြောက်ရွံ့တုန်လှုပ်ခြင်းဖြင့် သာအသက်ရှင်နေကြသည်။
            လူသည် ကာမရာဂပိုင်းဆိုင်ရာ အကျင့်ပျက်လာပါက ဘုရားသခင်နိုင်ငံတော်မှ နှင်ထုတ်ခြင်းခံရမည်ဖြစ်သည်။ ဘုရားသခင်နိုင်ငံတော်၏အမွေကို မခံသောလူတစ်ယောက် သည် ၀ိညာဉ်ရေးရာအတွက်၎င်း၊ အသက်တာသို့မဟုတ် အသွေးအသားပိုင်းဆိုင်ရာတို့အတွက် ၎င်းစိတ်အားကြီးစွာဖြင့် ဆုတောင်းကောင်း ဆုတောင်းမည်ဖြစ်သော်လည်း ဘုရားသခင် ထံတော်မှ အဖြေကိုရရန် မျှော်လင့်၍ရမည်မဟုတ်ပါ။
            ထို့ကြောင့် မိမိကိုယ်ကို သိက္ခာကျစေပြီး ဩတ္တပစိတ်ကို ယိုယွင်းစေသည့် မတရားသောမေထုန်ကိစ္စများ၌ သင်သည် စစ်မှန်သောနောင်တရရန်လိုသည်။ ထို့အပြင် ဘုရားသခင်၏ဗိမာန်တော်ဖြစ်သော သင်၏ခနာကိုယ်ကိုမတရားသောမေထုန်ပြုခြင်းအားဖြင့် သင်မဖျက်ဆီးတော့မည်အကြောင်းကို ဆုံးဖြတ်ပြီး ဆုတောင်းရန်ဖြစ်သည်။
            တတိယအနေဖြင့် - ဣသရေလတို့သည် ဘုရားသခင်ကို စုံစမ်းစစ်ဆေးသည့်အပြစ်ကို ကျူးလွန်ကြသည်။
            (၁ကော၊၁၀း၉)၌ ဣသရေလ လူအချို့တို့သည် ထာဝရဘုရားကို စုံစမ်းစစ်ဆေးကြရာ မြွေကိုက်ခြင်းကြောင့် သေကြရသည်။ ယနေ့၌ပင်လျှင် လူသည် ဘုရားသခင်ကိုစုံစမ်းစစ်ဆေးရန် ကြိုးစားပါက ထိုသူအား မြွေတည်းဟူသော နတ်ဆိုးကိုက်ပြီး သေမည်ဖြစ်သည်။ တစ်ခါက နတ်ဆိုးသည် ဘုရားသခင်အား စုံစမ်းစစ်ဆေးရန်အတွက် ယေရှုကို လှည့်ဖြားသည်။ ယနေ့ ခရစ်ယာန်များအနေဖြင့် ယေရှုကို စစ်ဆေးရန် ထိုနတ်ဆိုး ကပင် လှည့်ဖြားသည်။
            (မဿဲခရစ်ဝင်ကျမ်း၊၄း၅-၇)၌ ယေရှုအား နတ်ဆိုးလှည့်ဖြားရန်ကြိုးစားခြင်းအကြောင်းအရာတစ်ခုကို တွေ့ရသည်။ မာရ်နတ်သည် ယေရှုအား သန့်ရှင်းသောမြို့တော်ထဲသို့ ခေါ်ဆောင်လာပြီး ဗိမာန်တော်၏ အမြင့်ဆုံးသောနေရာ၌ရပ်စေပြီးလျှင် “သင်သည် ဘုရားသခင်၏သားဖြစ်လျှင် ကိုယ်ကိုအောက်သို့ချလိုက်ပါ။ ကျမ်းစာလာသည်မှာ ကောင်းကင်တမန်တို့အား သင့်အဘို့မှာထားတော်မူသည်ဖြစ်၍ သင်၏ခြေကို ကျောက် နှင့်မထိမခိုက်စေခြင်းငှါ သူတို့သည် သင့်ကို လက်နှင့်မစချီပင့်ကြလိမ့်မည်” ဟုဆို၏။ သို့သော်လည်း ယေရှုက မာရ်နတ်အား ပြတ်သားစွာဖြင့် “သင်၏ဘုရားသခင်ထာဝရဘုရားကို စုံစမ်းခြင်းမပြုရ”ဟုဆို၏။
            ကောင်းကင်နှင့်မြေကြီးပျောက်ကွယ်သွားသည့်တိုင်အောင် နှုတ်ကပတ်တော်၏အငယ်ဆုံးသောစာလုံး ဗိန္ဓုတလုံးသည် မည်သည့်နည်းမျှဖြင့် ပျောက်ကွယ်သွားမည်မဟုတ်ပါ။
            ဘုရားသခင်၏နှုတ်ကပတ်တော်ကို စုံစမ်းစစ်ဆေးရန် အတွက် အသုံးမပြုပါနှင့်။ ဘုရားသခင်၏နှုတ်ကပတ်တော်ကို ယုံကြည်ရန်အတွက်သာဖြစ်ပါသည်။ ဘုရားသခင်သည် သူ့အား စုံစမ်းစစ်ဆေးသောသူတို့ကို သည်းခံမည်မဟုတ်ပါ။ ဘုရားသခင်ကို စုံစမ်းစစ်ဆေးသော ဣသရေလအချို့တို့သည် မီးမြွေများအားဖြင့် သေဆုံးကြရသည်။
            ဘုရားသခင်ကို သင်စုံစမ်းစစ်ဆေးဘူးပါသလား။
            ၎င်း၏ရလဒ်အဖြစ် ဘုရားသခင်၏၀ိညာဉ်ရေးရာတန်ခိုးတစုံတရာကို မခံစားဘဲ ဆုံးရှုံးသောအသက်တာ၌ သင်အသက်ရှင်နေပါသလား။ များစွာသော လူတို့သည် သူတို့ဆန္ဒပြေစေရန်အတွက် ဘုရားသခင်အား အထပ်ထပ်အခါခါစုံစမ်းကြသည်။ ဘုရားသခင်သည် သူတို့တောင့်တသောအရာကိုပေးမှသာ ဘုရားသခင်ကို ယုံကြည်ကြမည်ဟု ပြောကြသည်။ ထိုသို့သောလူထက်မိုက်သောသူမရှိပါ။ သင်သည် ဘုရားသခင်အား စိတ်နှလုံးအကြွင်းမဲ့ဥာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့် အစေခံပြီး ယုံကြည်ရန်သာဖြစ်သည်။ မည်သည့်အခြေအနေ၌ဖြစ်စေ၊ ဘုရားသခင်အား စုံစမ်းစစ်ဆေးခြင်းမပြုရပါ။ သင်သည် ဘုရားသခင်ကို စုံစမ်းစစ်ဆေးပါက မာရ်နတ်၏ခိုင်းခြင်း၊ သတ်ခြင်းနှင့် ဖျက်ဆီးခြင်းကိုသာ ခံရမည်ဖြစ်သည်။
            စတုတ္ထအနေဖြင့် - ဣသရေလတို့သည် မကျေမချမ်းသော အပြစ်ကျူးလွန်ကြသည်။
            ]ဣသရေလတို့အား သဲကန္တာရထဲ၌စွန့်ပစ်ရသည့် အဓိကအကြောင်းရင်း၌ မကျေးမချမ်းဖြစ်သောအပြစ်ပါဝင်သည်။ ဣသရေလတို့သည် ဧဒုံပင်လယ်ကို ဘုရားသခင်တန်ခိုးတော်အားဖြင့် ကွဲစေကာ ခြောက်သွေ့သော မြေပေါ်၌ဖြတ်ကျော်နိုင်ခဲ့ကြသည်။ သဲကန္တာရထဲ၌ မန္နမုန့်ကို လုံလောက်စွာစားသုံးကြရသည်။ ကျောက်ဆောင်မှ စီးကျလာသောရေနှင့် ရေငတ်ခြင်းကို ပြေစေကြသည်။ ထိုသို့အံ့ဩဘွယ်ရာအောင် မြင်ခြင်းနှင့်အတူ ဘုန်းအသရေတော်အောက်၌ သူတို့သည် သဲကန္တာရကို ဖြတ်ကျော်ကြရသော်လည်း ဘုရားသခင်နှင့် မိမိတို့၏ခေါင်းဆောင်မောရှေအား အပြစ်တင်၍ မြည်တမ်းကြသည်။
            သူတို့၏အပြစ်တင်မြည်တမ်းခြင်းက ဘုရားသခင်၏အမျက်တော်ကို နှိုးဆော်သည်။ အဘယ့်ကြောင့်ဆိုသော် အပြစ်တင်မြည်တမ်းခြင်းသည် ဘုရားသခင်အား စက်ဆုပ်ရွံရှာခြင်းဖြင့် ဆက်ဆံခြင်းဖြစ်သော ကြောင့်ပင်ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် အကြောင်းမရှိဘဲ ဘုရားသခင်အား၎င်း၊ အသင်းတော်ဦးဆောင်သူများအား၎င်း၊ အပြစ်တင်မြည်တမ်းခြင်းကို မပြုအပ်ပေ။ အပြစ်တင်မြည်တမ်းရန်လွယ်ကူပါသည်။ သို့သော် အပြစ်တင်မြည်တမ်းသောအခါ နှုတ်ပါးစပ်နှင့်လျှာတို့သည် အဆိပ်နှင့်ပြည့်လာကာ မြည်တမ်းသောသူကို ယိုယွင်းပျက်စီးစေသည်။  အပြစ်တင်မြည်တမ်းသောအခါတွင် လျှာသည် အသက်တာအစီအစဉ်တစ်ခု လုံးကို မီးရှို့ကာ ထိုလျှာကြောင့်ပင်လျှင် ငရဲ၌မီးရှို့ခြင်းခံရသည်။
            ထို့ကြောင့် ဘုရားသခင်ကို အပြစ်တင်ပြောဆိုခြင်းထက် ကျေးဇူးတော်ချီးမွမ်းခြင်းကို ဆက်သကြရန်ဖြစ်သည်။ ဣသရေလတို့သည် အကယ်၍ သဲကန္တာရထဲ၌၎င်း၊ ခါနာန်ပြည်အရှေ့၌၎င်း ဘုရားသခင်အား ချီးမွမ်းခြင်းကို ဆက်သခဲ့ကြမည်ဆိုပါက သူတို့၏အလောင်းသည် သဲကန္တာရ၌ပြန့်ကြဲမည်မဟုတ်ပါ။ ဘုရားသခင်သည် သူ့အား ချီးမွမ်းခြင်း၊ သီချင်းဆိုခြင်းအလယ်၌ ကျိန်းဝပ်တော်မူ၏။
            ဤအကြောင်းကြောင့် သင်၏အသက်တာ၌ ပို၍ခက်ခဲပြီး ဒုက္ခဆင်းရဲရောက်လေ ဘုရားသခင်အား ကျေးဇူးတင်ခြင်း၊ ချီးမွမ်းခြင်းကို ပို၍ ဆက်သပါ။ သင်၏အသက်တာ၌ရှိသော အပြစ်တင်မြည်တမ်းခြင်း ရှိသမျှ ကို နောင်တရသောအခါ၌၎င်း၊ အသစ်သော ယုံကြည်ခြင်းအသက်တာကို သင်ပြန်လည်စတင်သောအခါ၌၎င်း၊ ဘုရားသခင်သည် နိမိတ်လက္ခဏာတို့ကို သင့်အားပြသမည်ဖြစ်သည်။ ရှေ့ကမအောင်မြင်မှုများမှ နေ၍ သင်ခန်းစာယူပြီး အမှားကို မပြုစေရန် ကြိုတင် သတိထားရန်ဖြစ်သည်။
            ဣသရေလ လူများတွေ့ကြုံခဲ့သည့်  ဆုံးရှုံးမှုများကို “ဆီးတားသောအရာနှင့် အလွယ်တကူရှုတ်ထွေးစေသည့်အပြစ်” ဟု ဖော်ပြထားသောကြောင့် ယနေ့ဤကျမ်းပိုဒ်သည် ၎င်း၏အတိုင်းမလိုက်ရန် ကျွန်ုပ်တို့ကို သွန်သင်သည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ အသက်တာ၌ အသက်ရှင်ပုံကို နေ့တိုင်း ကိုယ့်ကိုကိုယ်စစ်ဆေးပြီး ဘုရားသခင် အမုန်းဆုံးဖြစ်သော ထိုအပြစ်လေးမျိုးကျွန်ုပ်တို့၏အထဲ၌တွေ့ရှိပါက နောင်တရရန်ဖြစ်ပါသည်။

x x x x x x x x x x x x x x x x x x
## အသက်တာနှင့် နားလည်သိတတ်မှု ##
]]}} ဒေါက်တာဒေးဗစ်ယုံကီချို {{[[

Comments

Popular posts from this blog

ဘုရားသခင်ကို ချီးမွမ်းသည့်အသက်တာ

ယောသပ်ကို ကျွန်အဖြစ်ရောင်းစားခံရခြင်း

သင်၏တဲရာကို ကျယ်စေလော့