အသက်တာနှင့် နားလည်သိတတ်မှု





အခန်း (၁၃)
ဘုရားသခင်သည် မောရှေအားမည်သို့
လေ့ကျင့်သင်ကြားပေးသနည်း
(ထွက်၊ ၃း ၁ - ၄၈)
====================================
            “ဘုရားသခင်သည် မောရှေအား မည်သို့လေ့ကျင့်သင်ကြားပေးပါသနည်း” ဟူသော ခေါင်းစဉ်ဖြင့် ဘုရားသခင်၏ ကျေးဇူး တော်ကို ဝေငှလိုပါတယ်။ ယနေ့အခြေပြုရမည့် ကျမ်း ပိုဒ်မှာ (ထွက်၊ ၃း၁-၄၈) ဖြစ်ပါသည်။
            မမွေးသေးသော ကလေးငယ်လေးသည် မိခင်ထံမှ သဘာဝပညာအမွေတို့ကိုရရှိသည်။ ထိုကလေးသည် မိသားစုထံမှရသောပညာ၊ ကျောင်းမှ ရသောပညာနှင့် အသိုင်းအ၀ိုင်းမှရသောပညာ၊ စသည်တို့ကို အသက်တာတစ်လျှောက်လုံး၌ ရရှိသည်။ ထိုနည်းတူ ဘုရားသခင်သည်လည်း သူ၏အကြံအစည်တော်အတွက် အသုံးပြုရန် ရွေးချယ်သည့် သားသမီးများကို လေ့ကျင့်ပေးသည်။ ယေရှုခရစ်တော်ကို ကျွန်ုပ်တို့ယုံကြည်ပြီး နောက်ပိုင်း၌ပင်လျှင် ဘုရားသခင်သည် ကျွန်ုပ်တို့ကို ဆက်လက်ပြီး ပညာသင်ကြားပေးပြီး လေ့ကျင့်ပေးသည်။ သဲကန္တာရထဲ၌ ဘုရားသခင်သည် မောရှေအား လေ့ကျင့်ပေးပုံကို လေ့လာခြင်းအားဖြင့် ကျွန်ုပ်တို့အပေါ်၌ ဘုရားသခင်မည်သို့ အလုပ်လုပ်သည်ကို ဟောပြောလိုပါသည်။
            ပထမအနေနှင့် - ဘုရားသခင်သည် ခြုံပုတ်တစ်ခုမှနေပြီး မောရှေအားထင်ရှားသည်။ သစ်ပင်များစွာထဲမှ ဘုရားသခင်သည် အဘယ်ကြောင့် ခြုံပုတ်တစ်ခု၌ ထင်ရှားနေပါသနည်း။
            ထိုသို့ထင်ရှားခြင်းမှာ မောရှေအား စိုးရိမ်ဘွယ်ကောင်းသော သင်ခန်းစာတစ်ခုကို သွန်သင်လိုသောကြောင့်ဖြစ်သည်။ ဘုရားသခင်သည် လူများစွာထဲမှ လူတစ်ယောက်ကို ကောက်ယူသောအခါ ရာထူးကြီးသောသူ၊ အရိုအသေပြုခြင်းခံရသောသူ၊ ကြွယ်ဝချမ်းသာသောသူ၊ အကျင့်ကောင်းသောသူတို့ကို မရွေးပါ။ ဘုရားသခင်သည် အထင်သေးခံရသောသူ၊ စွန့်ပစ်ခြင်းခံရသောသူ သို့မဟုတ် ဆင်းရဲသောသူအထဲမှ စိတ်နှလုံးကြေကွဲသောသူကို ရွေးကောက်လေ့ရှိသည်။ ဘုရားသခင်သည် မောရှေအားခြုံပုတ်တစ်ခုထဲ၌ ထင်ရှားသကဲ့သို့ ထိုသို့သောလူများထဲသို့ ဘုရားသခင်သည် သူ့ကိုယ်သူထင်ရှားခြင်းကို ကြိုက်နှစ်သက်သည်။
            မောရှေသည် ဣသရေလတို့ကို မိမိ၏ခွန်အားနှင့်အစွမ်းဖြင့် ကယ်နှုတ်ရန် ကြိုးစားခြင်းသည် အချည်းနှီးဖြစ်သွားပြီးနောက် သဲကန္တာရထဲသို့ ထွက်ပြေးသွားသည်။ ထိုနေရာ၌ အနှစ်လေးဆယ်ပတ်လုံး စိတ်ဓာတ် ကျဆင်းနေစဉ်တွင် ဘုရားသခင်သည် သူ၏ဘုန်းတော်ကို ထင်ရှားစေရန် အသုံးပြုလိုသောကြောင့် မောရှေထံသို့ ရောက်ရသည်။
            ခြုံပုတ်သည် မီးလောင်သော်လည်း ကျွမ်းသွားခြင်းမရှိသည်မှာ အံ့ဩဘွယ်ရာကောင်းလှသည်။ လောကစည်းစမ်ချမ်းသာ၊ အာဏာနှင့်ဂုဏ်သိက္ခာတို့သည် နေ့ရက်များကျော်လွန်သည်နှင့် ပျောက်ကွယ်သွား သော်လည်း ခြုံပုတ်ထဲ၌ရှိသော မီးလျှံဖြစ်သည့် ဘုရားသခင်၏ ဘုန်းအသရေတော်မှာ မူလက အစဉ်အဆက် ပျောက်ကွယ်သွားမည်မဟုတ်ကြောင်းကို အံ့ဩဘွယ်လက္ခဏာက ပြသခြင်းဖြစ်သည်။
            လူအားလုံးတို့သည် မြက်ပင်ကဲ့သို့ဖြစ်ပြီး သူတို့၏ဘုန်းအသရေမှာလည်း မြက်ပွင့်ကဲ့သို့ဖြစ်သည်။ မြက်ပင်များသည် ခြောက်သွေ့ပြီး မြက်ပွင့်များသည် ကြွေကျရသည်။
            သို့သော်လည်း ခြုံပုတ်ကဲ့သို့ဖြစ်သော လူထံသို့ ကျရောက်လာသည့် ဘုရားသခင်ထံမှ မီးလျှံသည်ပျောက်ကွယ်သွားခြင်းမရှိဘဲ နေ့ရက်များကုန်လွန်သွားသည်နှင့် ဘုရားသခင်၏ရောင်ခြည်တော်သည် ပို၍ တောက်ပထွန်းလင်းလာသည်။ ဘုရားသခင်သည် သူ၏ဘုန်းအသရေတော်ကို မီးကဲ့သို့ ကျွန်ုပ်တို့အထဲသို့ ဆင်းသက်စေပြီး ကျွန်ုပ်တို့အားဖြင့် ထင်ရှားဖော်ပြကြောင်းကို နားလည်ရသောအခါ ကျွန်ုပ်တို့နေသောနေရာ သည် တဲကုပ်ကလေးပင်ဖြစ်ပါစေ၊ အခန်းကျဉ်းကလေးပင်ဖြစ်ပါစေ၊ ယေရှုရှိသောနေရာသည် ကောင်းကင်ဘုံဖြစ်လာပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့ထံသို့ခြုံပုတ်အလယ်၌ ကြွရောက်လာသောဘုရားသခင်နှင့်တွေ့ဆုံရန် အတွက် ကျွန်ုပ်တို့သည် နှိမ့်ချသော စိတ်ရှိကြရန်လိုပါသည်။
         ဒုတိယအနေနှင့် - မောရှေအားမိမိခြေနင်းကို ချွတ်ရန် ဘုရားသခင်အမိန့်ပေးသည်။
            ဘုရားသခင်သည် အာဒံနှင့်ဧ၀ကို ဖန်ဆင်းသောအခါ ခြေနင်းနှင့်အတူမဖန်ဆင်းပါ။ ဘုရားသခင်သည် သူတို့ကို စောင့်ရှောက်သည့်အတိုင်း သူတို့၌ ခြေနင်းမလိုပါ။ သို့သော်လည်း လူကျဆင်းပြိုလဲသောအချိန်မှ စပြီး ဘုရားသခင်ကိုပြစ်မှားသောကြောင့် ဆူးပေါသောလမ်း၌ လျှောက်ရန်အလို့ငှါ မိမိအတွက်ခြေနင်းကိုပြုလုပ်ကြရသည်။        
            ခြေနင်းသည် လူ၏အကာအကွယ်နှင့် ပညာကို ဆိုလိုပါသည်။ ဘုရားသခင်ထံတော်သို့ ကျွန်ုပ်တို့လာသောအခါ၌ ကျွန်ုပ်တို့၏ပညာကိုချွတ်ရန် ဘုရားသခင်သည် ကျွန်ုပ်တို့ကို အမိန့်ပေးသည်။ ကျွန်ုပ်တို့သည် လူ၏ပညာ၊ လူ၏နည်းတို့ဖြင့် ဘောင်ခတ်နေသ၍ ကျွန်ုပ်တို့အားဖြင့် ဘုရားသခင်အလုပ်လုပ်နိုင်မည်မဟုတ်ပါ။ ထို့ကြောင့် ဘုရားသခင်သည် မောရှေအား မိမိ၏ပညာ၊ မိမိ၏အကာအကွယ်ကိုချွတ်ရန် ဘုရားသခင်ကိုသ သာ ကိုးစားရန်ရွေးတော်မူခြင်းဖြစ်သည်။
            ခြေနင်းသည် လူ၏လုပ်ဆောင်မှုများကို ဆိုလိုခြင်းလည်းဖြစ်သည်။ လူသည် မိမိကိုယ်တိုင်ပြုလုပ်ထားသော ခြေနင်းကိုစည်းပါ။ နေရာတကာ၌အလုပ်များသည်။ ဘုရားသခင်ထံတော်သို့လာသောအခါ၌ပင်လျှင် သူ၏လုပ်ဆောင်ချက်များအတွက် ၀ါကြွားလိုသေးသည်။ သို့သော်လည်း ဘုရားသခင်က မိမိလုပ်ဆောင်ချက်ကြောင့် မ၀ါကြွားရန် မိန့်တော်မူထားပါသည်။ လူ၏ဖြောင့်မတ်ခြင်းသည် ဘုရားသခင်အမြင်၌ အသုံးမကျ သောကြောင့်ဖြစ်သည်။ ထို့ကြောင့် လူသည် မိမိ၏လုပ်ဆောင်ချက်များကြောင့် ၀ါကြွားခြင်းမလုပ်သင့်ပါ။ သူ၏ခြေနင်းကိုချွတ်ပြီးဖြစ်သည့်အတိုင်း ရိုးသားစွာဖြင့် ဘုရားသခင်ထံ၌ ၀န်ခံရန်ဖြစ်သည်။ ခြေနင်းသည် တာဝန် ကို ပြောလိုခြင်းလည်းဖြစ်သည်။ မောရှေသည် သူ၏အသက်(၄၀)တွင် မိမိလူမျိုးများကို ရွေးနှုတ်ကယ်တင်ရန်အတွက် ဖာရောဘုရင်ကို ပုန်ကန်သည်။
            သို့သော်လည်း ထိုပုန်ကန်မှုသည် ဆုံးရှုံးမှုနှင့် အဆုံးသတ်သည်။ သူသည် သဲကန္တာရထဲသို့ ထွက်ပြေးရသည်။ သူသည် စိတ်ဓာတ်ကျခြင်း၊ စိတ်မချမ်းသာခြင်းဖြင့် အသက်ရှင်နေထိုင်ရသည်။ သူသည် ဣသရေ လလူများ လွတ်မြောက်ရေးအတွက် စိတ်လောင်ကျွမ်းရသော်လည်း သူ၏ကြိုးစားမူသည် အရှုံးကိုသာ ပေါ်စေသည်။ သူသည် ဖာရောထံမှ ပြေးလာကာ မိဒျန်ပြည်၌ နေထိုင်သည်။ ထိုနေရာ၌ အနှစ်(၄၀) ကုန်ဆုံးသော အခါ သူ့ထံသို့ ကြွလာပြီးလျှင် ခြေနင်းကို ချွတ်ရန် အမိန့်ပေးသည်။
            ထို့ကြောင့် ခြေနင်းကို ချွတ်ခြင်းဆိုသည်မှာ လူ၏တာဝန်၊ လူ၏အလုပ်နှင့် လူမျိုးများလွတ်မြောက်ရန် မိမိ၏စိတ်ကူး၊ အိမ်မက်ဟူသမျှတို့ကို ဘုရားသခင်အပေါ်၌ ပစ်ချရန် ဆိုလိုခြင်းဖြစ်သည်။ ယနေ့တွင် ဘုရား သခင်က လူ့နည်း၊ လူ့၏စီမံချက်နှင့် လူ၏ပညာဟူသော ခြေနင်းတို့ကို ချွတ်ရန် ကျွန်ုပ်တို့အား ဘုရားသခင်ကအမိန့်ပေးသည်။ မောရှေသည် မိမိ၏ခြေနင်းကို ချွတ်သကဲ့သို့ ကျွန်ုပ်တို့သည် လူ၏ပညာ၊ လူ၏လုပ်ဆောင် ချက်များနှင့် လူ၏တာဝန်တို့ကို လွှင့်ပစ်ရန်ဖြစ်ပါသည်။
            တတိယ -  ဘုရားသခင်သည် မောရှေအား မိမိ၏တောင်ဝှေးကို ပစ်ချရန် ပြောသည်။
            လူသည် ဘုရားသခင်ကို စွန့်ပစ်သည့်အချိန်မှစ၍ ရေတွက်၍မရသောတောင်ဝှေးတို့ကို မိမိအတွက်ပြုလုပ်သည်။ လူသည် ဘုရားသခင်မပါဘဲ အသက်ရှင်နေထိုင်ရန်အတွက် လူ၏ဥာဏ်ပညာ၊ လူ၏အသိပညာ၊ ဗဟုသုတ၊ ရုပ်ဝတ္ထုပစ္စည်း၊ အာဏာ၊ လူ၏အစွမ်းစသော တောင်ဝှေးတို့ကို ပြုလုပ်ခဲ့သည်။ သို့သော် ထိုတောင်ဝှေးအားလုံးတို့သည် ကျိုးကျကုန်သည်။ ထိုကြောင့် အစားအစာပြဿနာ၊ ၀တ်ရေး၊ နေရေးပြဿနာတို့ကို ဖြေရှင်းရန် အသုံးပြုသည်။ လူ၏တောင်ဝှေးကို ပစ်ချရန် မောရှေအား ဘုရားသခင်မိန့်မှာသည်။ ၎င်းကို မြေကြီးပေါ်သို့ ပစ်ချသည်နှင့် မြွေတစ်ကောင်ဖြစ်လာသည်။
            မြွေသည် မည့်သည်အရာကို ပုံဆောင်ပါသနည်း။ စာတန်သည် မြွေအားဖြင့် အာဒံနှင့်ဧ၀ကို လှည့်စားသည်။ စာတန်သည် အာဒံနှင့်ဧ၀တို့ကို ကောင်းမကောင်းသိကျွမ်းရာအပင်၏အသီးကို ယူစားရန် လှည့်စား သည်။ နောက်ဆုံးသူတို့ပြိုလဲသွားသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ကို စွန့်ပစ်ပြီး လူ၏တောင်ဝှေးအပေါ်၌အမှီပြုပါက ၎င်းသည် ကျွန်ုပ်တို့ကို မျှော်လင့်ရာမဲ့ခြင်းထဲသို့ ပို့ဆောင်မည်ဖြစ်သည်။
            သို့သော်လည်း လူ၏တောင်ဝှေးကို ဘုရားသခင်ထံတော်သို့ ချထားပါက၊ သင့်ကိုကိုင်ဖမ်းရန် ဘုရားသခင်မိန့်တော်မူသောအခါတွင် တောင်ဝှေးကို သင်ကိုင်ယူပါက ၎င်းသည် လူကို ကယ်တင်သည် တောင်ဝှေး တစ်ခုဖြစ်လာမည်ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ကိုးစားခြင်းမရှိဘဲ လူသည်အသိပညာတောင်ဝှေး၊ ပစ္စည်းဥစ္စာတောင်ဝှေး သို့မဟုတ် အာဏာတန်ခိုးတောင်ဝှေးအပေါ်၌ အမှီပြုပါက ၎င်းသည် လမ်းမှားသို့ ပို့ဆောင် မည်ဖြစ်သည်။ သို့သော် လူသည် မိမိ၏တောင်ဝှေးကို ဘုရားသခင်ရှေ့မှောက်သို့ပစ်ချပါက၊ ၎င်းသည် လူကိုကယ်ပြီး ကယ်တင်သည့် ကရိယာတစ်ခုအဖြစ် ဘုရားသခင်ပြုလုပ်ပေးမည်ဖြစ်သည်။ မောရှေသည် မိမိ၏ တောင်ဝှေးကို ဘုရားသခင်ရှေ့တော်၌ ပစ်ချပြီးမှ ဘုရားသခင်၏ တန်ခိုးတော်တောင်ဝှေးကို ဤနည်းအားဖြင့် ရရှိသည်။ ထို့ကြောင့် လူကို ဗဟိုပြုသော တောင်ဝှေးကို ပစ်ချပြီး ၎င်းအစားဘုရားသခင်ထံမှလာသော တန် ခိုးတော်တောင်ဝှေးကို ကျွန်တော်ကိုင်ယူစေလိုပါသည်။
            စတုတ္ထအနေနှင့် -  ဘုရားသခင်သည် မောရှေ၏လက်ကို ၀တ်ရုံထဲ၌ထားရန်ပြောပါသည်။
            ထို့ကြောင့် မောရှေသည် မိမိ၏လက်ကို ၀တ်ရုံထဲသို့ ထည့်ပြီး ၎င်းကို ပြန်၍ထုတ်သောအခါ၌ မိုးပွင့်အရောင်ကဲ့သို့ နူလေ၏။ မောရှေသည် အံ့အားသင့်သွားသည်။ သို့သော်လည်း ထိုအခါမှသာ သူ၏အပေါ်ယံ သည် သန့်ရှင်းကောင်းသန့်ရှင်းမည်ဖြစ်သော်လည်း သူ၏လူအတွင်းလူဖြစ်သော စိတ်ဝိညာဉ်မှာ နူနေကြောင်းကို မောရှေသဘောပေါက်သွားသည်။ ထိုနည်းတူလူသည် ပြိုလဲသောအချိန်မှစပြီး သူ၏ပုံသဏ္ဍာန်မှ ရှင်းလင်းသော်လည်း သူ၏အတွင်းလူသည် အပြစ်များကြောင့် ၀ိညာဉ်ရေးရာ၌ အနူဖြစ်သည်။ အနူသည် အပြစ်ဒုစရိုက်ကိုပုံဆောင်သည်။ အကယ်၍ သူ၏စိတ်ဝိညာဉ်၌ အနူရောဂါဖြင့် ဆွေးမြေ့လာပါက မိမိအခြေအနေ ကို ကျေနပ်နိုင်မည်လော။ သူ့အတွက် စိတ်ချမ်းသာမှုနှင့် အသက်အတွက် စိတ်ချမှုရှိနိုင်မည်လော။
            (ဟေရှာ၊ ၄၈း၂၂)၌ “မကောင်းသောသူအတွက် ချမ်းသာခြင်းမရှိ”ဟုဆို၏။ အနူစွဲသောမောရှေ၏လက်ကို ဖန်ဆင်းသော ထာဝရဘုရားသည် ၀တ်ရုံအထဲသို့ မိမိလက်ကိုပြန်သွင်းရန် သူ့အားပြောသည်။ ဘုရား သခင်၏ စကားကို နားထောင်ပြီး မောရှေသည် မိမိလက်ကို ၀တ်ရုံထဲသို့ ထည့်ကာ အပြင်ထုတ်သောအခါ၌ ကျန်သောအသားအရေကဲ့သို့ပြန်လည်ကောင်းသွားသည်။ ပြိုလဲသောလူတို့သည် အနူနှင့်တူသည်။ ထို့ကြောင့် လူသည် ယေရှုခရစ်တော်၌ ဒုတိယမွေးခြင်းကို ခံရမည်ဖြစ်သည်။ နောက်တဖန်မွေးခြင်းဆိုသည်မှာ သူသည်အပြစ်သားတစ်ယောက်ဖြစ်ကြောင်းဝန်ခံသည်။ ယေရှုခရစ်တော်၏လက်ဝါးကပ်တိုင်ကို ယုံကြည်သည်။ သူ သည် ယေရှုခရစ်တော်၏ အသွေးတော်၌ ဆေးကြောခြင်းကို ခံရသည်။ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဒုတိယမွေးခြင်းကိုခံသည်။ ဘုရားသခင်နှင့်အတူ လျှောက်လှမ်းသည်။
            ကျွန်ုပ်တို့အား ၀ိညာဉ်ရေးရာ အနူရောဂါမှ သန့်စင်စေရန် တာဝန်ယူသောသူမှာ လက်ဝါးကပ်တိုင်၌တင်သတ်ခြင်းကိုခံပြီး အသွေးသွန်းသည့်ယေရှုခရစ်တော်ပင်ဖြစ်သည်။ ထို့ကြောင့် ၀ိညာဉ်ရေးရာ၌ အနူဖြစ် သော ကျွန်ုပ်တို့သည်အပြစ်များကို နောင်တရသောအခါ၎င်း၊ ယေရှုကို ကျွန်ုပ်တို့ကယ်တင်ရှင်အဖြစ်လက်ခံကြသောအခါ၌ကျပ်၊ ဒုတိယမွေးခြင်းကို ကျွန်ုပ်တို့ခံသောအခါ၌၎င်း၊ ကျွန်ုပ်တို့၏ဒုစရိုက်အပြစ်များကို ဆေးကြောခြင်းကိုရရှိကြပြီး၊ ၀ိညာဉ်ရေးရာ အနာကင်းဝေးကြကာ ဘုရားသခင်သည် ကျွန်ုပ်တို့ကို မျှော်လင့်ခြင်း၊ ၀မ်းမြောက်ခြင်းနှင့် ငြိမ်သက်ခြင်းတို့၌ ပြည့်စေမည်ဖြစ်သည်။
            မောရှေသည် အသက်(၄၀)၌မအောင်မြင်ခဲ့ချေ။ သူသည် အသက်(၈၀)၌ပြောင်းလဲသည်။ ဘုရားသခင်သည် အနှစ်(၄၀)ပတ်လုံး သဲကန္တာရထဲ၌ ၀မ်းနည်းခြင်းကို တွေ့ကြုံစေပြီးမှ လူမျိုး၏ခေါင်းဆောင်ကြီးဖြစ် လာစေရန် မောရှေကို ကောင်းကြီးပေးသည်။
            ချစ်သော သောတရှင်များခင်ဗျာ -
            သင်သည် ယခု သဲကန္တာရကြီးကို ဖြတ်နေပါသလား။ ထိုသို့ဖြစ်ပါက ဘုရားသခင်နှင့်တွေ့နိုင်ရန်အတွက် ပထမဦးဆုံးနှိမ့်ချပါ။ ကိုယ့်ကိုယ်ကို မချီးမြှောက်ပါနှင့်။ လူ၏ခြေနင်းကိုချွတ်ကာ လူ၏တောင်ဝှေးကို လွှင့် ပစ်ပါ။ ယေရှုခရစ်တော်၏အသွေးတော်ကို ၀ိညာဉ်အနူကို ဆေးကြောခြင်းကိုခံပါ။
            ထိုသို့ သင်ပြုသောအခါ၌ သင်သည် ဘုရားသခင်၏ လူမျိုးတော်ဖြစ်လာရုံသာမက သင်၏မိသားစု၊ သင်၏လူမျိုးနှင့် သင်၏နိုင်ငံကို ခါနာန်ပြည်သို့ မောရှေသို့ပို့ဆောင်သော ဘုရားသခင်၏ကြီးမြတ်သည့် အစေ ခံတစ်ယောက်လည်းဖြစ်လာမည်ဖြစ်သည်။
           

x x x x x x x x x x x x x x x x x x
## အသက်တာနှင့် နားလည်သိတတ်မှု ##
]]}} ဒေါက်တာဒေးဗစ်ယုံကီချို {{[[

Comments

Popular posts from this blog

သင်၏တဲရာကို ကျယ်စေလော့

ကျိန်ခြင်းအမင်္ဂလာမှ ကောင်းချီးမင်္ဂလာသို့ (၃)

ဘုရားသခင်ကို ချီးမွမ်းသည့်အသက်တာ