ပြုပြင်ပြောင်းခြင်းအသက်တာ





ယေရှုသည် တန်ဖိုးအပြည့်ပေးချေခဲ့ပြီ









 ခရစ်တော်၌အတိအလင်းဖော်ပြသော ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ အကြောင်းကို ရုပ်လုံးပေါ်စေရန် “အနှိုင်းမဲ့”ဟူသောစကားလုံးကို တမင်တကာရွေး ချယ်ခဲ့ပါသည်။
          သမာရိုးကျစကား အသုံးအနှုန်းနှင့် ဘာသာရေးဝေါဟာရများကို တမင် ရှောင်လွှဲခြင်းဖြင့် ကျယ်ဝန်းလှသော ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအကြောင်းကို သဘောပေါက်ရန် သင့်ကို တစ်နည်းတစ်ဖုံ နှိုးဆွရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။
          ယေရှုသည် ကျွန်ုပ်တို့ကို ကယ်နုတ်ရန် အဖိုးအခ မည်မျှပေးတော်မူခဲ့ သည်ကို တိုင်းတာရန် စံချိန်စံနှုန်းအဖြစ် ဥပမာစကားနှစ်ရပ်ဖြင့် ဆွေးနွေးခဲ့ပြီးဖြစ်ပါ သည်။ ၎င်းဥပမာစကားနှစ်ရပ်မှာ လယ်၌ဝှက်ထားသော ဘဏ္ဍာနှင့် မြတ်သောပုလဲ တို့ဖြစ်ပါသည်။ ဤနှိုင်းယှဉ်မှုတစ်ခုစီတွင် ၀ယ်ယူသူသည် တန်ဖိုးရှိသောအရာကို ၀ယ်ယူနိုင်ရန် မိမိ၌ရှိသမျှအားလုံး ရောင်းထုတ်ခဲ့ပါသည်။ ရှိသမျှပစ္စည်း အကုန် ရောင်းထုတ်ရလောက်အောင် ဈေးကြီးသည်။ ကျွန်ုပ်တို့ကို ရွေးနုတ်ရန် ယေရှု သည် ရှိသမျှကို စွန့်တော်မူခဲ့ပါသည်။
          ကျွန်ုပ်တို့ကိုယ်စား ယေရှုသည် အသက်ကို ပေးလှူခဲ့ရသည့် အတိအကျ အဓိပ္ပါယ်ကားအဘယ်နည်း။ ပထမ -  ကျွန်ုပ်တို့ သဘောပေါက်ရန်အချက်မှာ ရွေး နုတ်ကယ်တင်ခြင်း၏အဖိုးအခမှာ ယေရှု၏ အသွေးတော်ဖြစ်ပါသည်။ (၁ပေ၊ ၁း၁၈ -၁၉) တွင်

          မိဘစဉ်ဆက်ကျင်လည်သောအချည်းနှီးကျင့်ကြံပြုမူခြင်းမှ ရွှေ၊ ငွေအစရှိ သော ဖောက်ပြန်ပျက်စီးတတ်သောဥစ္စာနှင့် သင်တို့ကို ရွေးတော်မူသည်မဟုတ်။ အဘယ်အပြစ်မျှမရှိ၊ အညစ်အကြေးနှင့် ကင်းစင်သော သိုးသငယ်ကဲ့သို့သော ခရစ်တော်၏ အသွေးတော်မြတ်နှင့် ရွေးတော်မူသည်ကို သိမှတ်ကြလော့။

          ကျွန်ုပ်တို့၏ အပြစ်ဒုစရိုက်မှ မိုက်မဲမှု၊ မှောင်မိုက်မှု၊ ကယ်နုတ်နိုင်သော အရာမှာ ခရစ်တော်၏အသွေးတော်သာဖြစ်ပါသည်။ မည်သည့်အတွက်ကြောင့် အသွေးတော်အားဖြင့် ကယ်နုတ်ဖို့ လိုအပ်ပါသနည်း။ ဓမ္မဟောင်းက ရှင်းလင်း သောအဖြေပေးထားပါသည်။ လူခနာတစ်ခုလုံး၏အသက်သည် သွေး၌ရှိသည် သက်ရှိသတ္တ၀ါတစ်ကောင်သည် အသက်နှင့်သွေးရှိလျှင် ထိုသတ္တ၀ါ၏အသက် သည် သူ၏အသွေးထဲ၌ရှိနေပါသည်။ (၀တ်၊၁၇း၁၁)တွင် ရေးသားထားပါသည်။ ဘုရားသခင်၏အခြေခံမူအတိုင်း အသက်ရှင်သန်နိုင်ရန် မောရှောအား ဘုရားသခင် ပေးထားသော ပညတ်တော်ထဲက တစ်ပါးအပါအ၀င်ဖြစ်ပါသည်။ ဘုရားသခင် ကိုယ်တိုင်မိန့်တော်မူခြင်းဖြစ်ရာ၊ အနာဂတ္တိနိမိတ်အလွန်သက်ရောက်ပါသည်။

          “အကြောင်းမူကား၊ ကိုယ်ခနာအသက်သည် အသွေး၌တည်၏။ သင်တို့ ကြံသောအပြစ်ကို ဖြေစေခြင်းငှါ ထိုအသွေးကို သင်တို့အား ယဇ်ပလ္လင်ပေါ်မှာ ငါ ပေးပြီ။ (ဓမ္မဟောင်း၏ပုံစံနှင့် အရိပ်များသည် တကယ့်တကယ်တွင် အမှန်ဖြစ်ပါ သည်။ သို့သော် ကျွန်ုပ်တို့၏ အသက်ဝိညာဉ်အတွက် အပြည့်အ၀နှင့် နောက်ဆုံး ကိုယ်စားခံရန် လက်ဝါးကပ်တိုင်ပလ္လင်ပေါ်တွင် ပေးဆပ်ခဲ့သော ယေရှု၏အသွေး တော်ကို ရည်ညွှန်း၍ ကြိုတင်အတိအလင်း ဟောထားခြင်းဖြစ်ပါသည်)။ တဖန် ဆက်လက်၍ လူအပြစ်ကိုဖြေသောအရာကား အသွေးဖြစ်သတည်း။”

          ကိုယ်ခနာတစ်ခုလုံး၏အသက်သည် ထိုသတ္တ၀ါ၏အသွေး၌တည်ရှိသည်။ ကျွန်ုပ်တို့ကိုယ်စားလက်ဝါးကပ်တိုင်ပေါ်မှာ ယေရှုသည် အသွေးတော်ကို ပေးကမ်း ခြင်းအားဖြင့် သူ၏အသက်ကို ကျွန်ုပ်တို့အတွက် ပေးအပ်လိမ့်မည်ဟု ဟေရှာယက အနာဂတ္တိကျမ်းတွင် ကြိုတင်ဟောပြောခဲ့ပါသည်။ ကိုယ်စားအသေခံမည့်ပုံကို ကြို တင်ဟောပြောထားပါသည်။

          ထိုသို့မိမိအသက်ကို သေခြင်း၌ သွန်း၍ မတရားသောသူတို့နှင့် ရေတွက် ၀င်ခြင်းသို့ရောက်သဖြင့် လူများတို့၏အပြစ်ကို ဆောင်ရွက်၍ မတရားသောသူတို့ အဘို့တောင်းပန်သည်။ (ဟေရှာ၊၅၃း၁၂)။

          ယေရှုပြုလုပ်တော်မူခဲ့သောအမှုအရာအကြောင်း ဖော်ပြချက်လေးချက်ကို မှတ်သားရန် သေခြင်း၌ မိမိအသက်ကို သွန်း၍ မတရားသောသူတို့နှင့် ရေတွက် ခြင်းခံရသည်။ မတရားသောသူတို့၏အလယ်တွင် လက်ဝါးကပ်တိုင်၌ အသေခံ သည်။ လူများတို့၏ (တစ်ကမ္ဘာလုံး၏) အပြစ်ကို ချေဖျက်ကာ၊ မတရားသောသူတို့ အတွက် တောင်းပန်ပေးသည်။ လက်ဝါးကပ်တိုင်ပေါ်၌ မသေခင်တဒင်္ဂလေးတွင် “အိုအဘ၊ သူတို့၏အပြစ်ကို လွှတ်တော်မူပါ။ သူတို့သည် ကိုယ်ပြုသောအမှုကို မသိကြ”ဟု ကိုယ်တော်ဆုတောင်းပါသည်။ ဤအကြောင်းအရာတစ်ခုစီသည် ယေ ရှု၌ အတိအကျပြည့်စုံခဲ့ပါသည်။ သို့သော် ကျွန်ုပ်တို့ အာရုံပြုလိုသောအချက်မှာ အပိုဒ်(၁၂)က မိမိအသက်ကို သေခြင်း၌သွန်း၍ ဖြစ်သည်။ ကိုယ်တော်သည် သူ၏ အသက်ကို သွန်းလောင်းခဲ့သည်။
          မည်သည့်အမှုအရာသည် အတိအကျဖြစ်ပေါ်လာမည့်အကြောင်း ကြိုတင် ဟောပြောချက်ကို ပို၍ထင်ရှားစေရန် ၀တ်ပြုရာကျမ်းပိုဒ်ကို ကြည့်ဖို့လိုပါသည်။ ယုဒလူမျိုးတို့၏ ဘာသာရေးပွဲတော်ထဲတွင် အရေးကြီးသောနေ့ရက်မှာ အပြစ်ဖြေ ရာနေ့ဖြစ်ပါသည်။ (၎င်းအပြစ်ဖြေရာနေ့ Day of Atonement ကို Yom Kippur ဟု ခေါ်သည်။) ထိုနေ့တစ်နေ့တည်းတွင် ယဇ်ပုရောဟိတ်မင်းသည် နောက်တစ်နှစ် စာအတွက် ဣသရေလလူမျိုး၏အပြစ်ကို ဖြေမည့် ယဇ်ကောင်၏အသွေးဖြင့် တဲတော်၏ အသန့်ရှင်းဆုံးနေရာသို့ ၀င်သွားသည်။ မောရှေ၏ (၀တ်၊ ၁၆း၁၄)၌ ဤ ကဲ့သို့ဖတ်ရှုရပါသည်။

            “ယဇ်ပုရောဟိတ်မင်းသည် နွားအသွေးအချို့ကိုလည်းယူ၍ အရှေ့မျက်နှာ ဘက် သေတ္တာဖုံးအပေါ်၌ လက်ညှိုးနှင့် ဖျန်းရမည်။ သေတ္တာဖုံးရှေ့၌လည်း ခုနစ် ကြိမ်တိုင်အောင် လက်ညှိုးနှင့် ဖျန်းရမည်။”

          ဘုရားသခင်၏ လူများ၏အပြစ်များကို ပြေစေနိုင်သောအရာမှာ ယဇ် ကောင်၏အသွေးတစ်မျိုးတည်းသာဖြစ်ပါသည်။ ထိုသွေးကို သန့်ရှင်းရာဌာနတော် ထဲ၌ရှိတော်မူသော ထာဝရဘုရား၏ရှေ့မှောက်သို့ ယူဆောင်သွားရပါမည်။ ခုနစ် ကြိမ်တိုင်တိုင် ဖျန်းသည့်အမှုအရာကို အလေးအနက် မှတ်သားထားပါ။ ဤအမှုအရာသည် အချည်းနှီးသက်သက်ပြုလုပ်ခြင်းမဟုတ်ပါ။ ခုနစ်ဆိုသည်မှာ သန့်ရှင်းသောဝိညာဉ်တော်၏အလုပ်ကို ညွှန်ပြသော နံပါတ်ဖြစ်ပါသည်။ ပြီးမြောက် စုံလင်ခြင်းနံပါတ်ဖြစ်သည်။ ခုနစ်သည် အလုပ်တစ်ခုပြီးမြောက်အောင်ဆောင်ရွက် ခြင်းကို ညွှန်ပြသည်။ ယေရှုသည် သူ၏အသွေးတော်ကို ယိုစီးစေသည့်နည်းလမ်း ဖြင့် အတိအကျပြည့်စုံစေသည်။ ယဇ်ပူဇော်ခြင်းအဆုံးမသတ်မီ ကိုယ်တော်၏ အသွေးတော်ကို ခုနစ်ခါ အတိအကျ ဖျန်းခဲ့ရပါသည်။
          ဓမ္မဟောင်းထဲက ကြိုတင်ဟောပြောချက်များနှင့် ပုံဆောင်ချက်များအတိ အကျပြည့်စုံခြင်းသို့ရောက်ကြောင်း ခရစ်ဝင်ကျမ်းများ၏ မှတ်တမ်းမှ ဖတ်ရှုတွေ့ရှိ ရပါသည်။ ယေရှု၏အသွေးတော်ကို ခုနစ်ကြိမ်တိုင်တိုင် ခုနစ်မျိုးခုနစ်လီဖြင့်ယိုစီး ခြင်း၊ ပတ်ဖျန်းခြင်းခံခဲ့ရပါသည်။
          ပထမဆုံး သွေးတော်ဖျန်းခြင်း သို့မဟုတ် ယိုစီးခြင်းသည် ဂေသရှေမန် ဥယျာဉ်ထဲတွင် ဖြစ်ပါသည်။ ထိုနေရာတွင် ကြီးမြတ်တော်မူသော ယဇ်ကောင် အဖြစ် ဘုရားသခင်ထံ နောက်ဆုံး ဆက်သနိုင်ရန် ပြင်းစွာသော ဝေဒနာကို ခံစား ရလျက်ရှိပါသည်။

          ပြင်းစွာသောဝေဒနာကိုခံလျက်၊ အထူးသဖြင့် ကြိုးစား၍ ဆုတောင်းတော် မူ၏။ ချွေးထွက်တော်မူသည်ကား၊ မြေပေါ်၌ကျသော သွေးစက်ကဲ့သို့ဖြစ်သတည်း
(လု၊ ၂၂း၄၄)။

          ကိုယ်တော်၏သွေးသည် ကိုယ်ခန္ဓာထဲမှ ချွေးနှင့်ရော၍ ထွက်လာသည်။ ပြင်းပြစွာသော ဝေဒနာခံစားရကြောင်း ဖော်ပြခြင်းဖြစ်သည်။ ဤတစ်ကြိမ်သည် ပထမ သွေးယိုစီးခြင်းဖြစ်ပါသည်။
          ဒုတိယအကြိမ် သွေးယိုစီးခြင်းသည် ယဇ်ပုရောဟိတ်မင်း၏အိမ်တွင် စစ် ဆေးမေးမြန်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းခံရသောအချိန်ဖြစ်ပါသည်။
         
          ထိုအခါ မျက်နှာတော်ကို တံထွေးနှင့်ထွေးကြ၏။ လက်သီးနှင့်ထိုးကြ၏။ အချို့တို့သည်လည်း ပါးတော်ကို လက်နှင့်ပုတ်ကြ၏။       (မဿဲ၊ ၂၆း၆၇)

          လက်သီးနှင့်ထိုးကြ၏ဟုဆိုရာတွင် ကြိမ်လုံးနှင့်ရိုက်သည်ဟုလည်း အဓိ ပ္ပါယ်ပြန်ဆိုနိုင်ပါသည်။ ကြိမ်လုံးနှင့်ရိုက်သည်ဟုဆိုလျှင် ပို၍သင့်တော်လျောက် ပတ်ပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော ဓမ္မဟောင်း (မိက္ခာ၊၅း၁)တွင် ဤကဲ့သို့ ရေးသားထားပါသည်။ ဣသရေလမင်း၏ပါးကို ကြိမ်လုံးနှင့် ရိုက်ကြပြီတကား။ သို့ သော် တကယ်ဖြစ်လာသည့်အခါ လက်သီးနှင့်ထိုးကြသည်။ သို့မဟုတ် ကြိမ်လုံး နှင့် ရိုက်ကြသောကြောင့် ပါးတော်မှ သွေးများ ယိုစီးလာသည်။ အခြားနေရာမှ မဟုတ်ဘဲ နှာခေါင်းမှ သွေးယိုစီးခြင်း ဖြစ်နိုင်ပါသည်။
          တတိယ သွေးယိုစီးခြင်းသည် (မဿဲ၊ ၂၇း၂၆)တွင် မှတ်တမ်းတင်ထားပါ သည်။
         
          ပိလက်မင်းသည်လည်း ဗာရဗ္ဗကို လူများတို့အား လွှတ်လေ၏။ ယေရှုကို ကား ရိုက်ပြီးလျှင် လက်ဝါးကပ်တိုင်မှာ သတ်စေခြင်းငှါ အပ်လိုက်လေ၏။

          ဤအမှုအရာကိုလည်း ဓမ္မဟောင်းကျမ်းတွင် (ဟေရှာ၊ ၅၀း၆)၌ ကြိုတင် ဟောပြောထားခဲ့ရာ ဟောပြောသောသူမှာ ကိုယ်တော်ကိုယ်တိုင်ဖြစ်ပါသည်။ ကြို တင်မြွတ်ဆိုသောအကြောင်းအရာမူကား။

          ရိုက်သောသူတို့အား ငါ့ကျောကို၎င်း၊ နပန်းဆံကိုနုတ်သောသူတို့အား ငါ့ပါးကို၎င်း ငါအပ်၏။ အရှက်ကွဲခြင်းနှင့် တံတွေးထွေးခြင်းမှ ငါသည် ကိုယ်မျက်နှာ ကိုမလွှဲ။

          ကျော်ကိုရိုက်သောသူတို့အား ကိုယ်တော်သည် သူ့ကျောကို ပေးအပ်ခဲ့ သည်ကို မှတ်သားရန် အရေးကြီးပါသည်။ သူတစ်ပါး၏ တိုက်တွန်းနှိုးဆော်ချက်မ ပါဘဲ သူ့ကိုယ်ကို ယဇ်ကောင်အဖြစ် ဆက်ကပ်သည်။ သံတိုသံစအရိုးစတို့ဖြင့် ကျစ် ထားသော ရောမကြာပွတ်ဖြင့် အရိုက်ခံသည်။ ရောမကြာပွတ်ဖြင့် လူတစ်ယောက် ၏ ကျောကို အလျားလိုက် အတန်းလိုက် အရိုက်ခံခဲ့လျှင် အသားကို ထွန်ကြောင်း ပေါ်သကဲ့သို့ အက်ကွဲစေကာ အသားမျှင်များ၊ အရိုးများပင် ပေါ်လာလေသည်။ ရောမကြာပွတ်ဖြင့် ကိုယ်တော် အရိုက်ခံရခြင်းသည် တတိယအကြိမ်သွေးယိုစီး ခြင်းဖြစ်ပေါ်သည်။
          စတုတ္ထအကြိမ် သွေးယိုစီးခြင်းကို ပဋိညာဉ်အသစ်တွင် များများစားစား ဖော်ပြခြင်းမရှိခဲ့သော်လည်း (ဟေရှာ၊၅၀း၆)မှ ပြန်လည်ကောက်ယူနိုင်ပါသည်။

          ရိုက်သောသူအား ငါ့ကျောကို၎င်း၊ နပန်းဆံကို နှုတ်သောသူအား ငါ့ပါးကို ၎င်း ငါအပ်၏။
          ထိုသူတို့သည် ယေရှု၏မုတ်ဆိတ်ကို အထွေးလိုက်၊ ဆွဲနုတ်ရာတွင်လည်း သွေးယိုစီးမှုဖြစ်စေပါလိမ့်မည်။
          ပဉ္စမသွေးယိုစီးခြင်းမှာ ဆူးနှင့်ရက်သောဦးရစ်ကြောင့်ဖြစ်ပါသည်။ (မဿဲ၊ ၂၇း၂၈-၂၉)၌

          ထိုသူတို့ (ရောမစစ်သူရဲတို့)သည် အ၀တ်တော်ကို ချွတ်၍ နီသောဝတ်လုံ ကို ခြုံစေကြ၏။ ဆူးပင်နှင့်ရက်သောဦးရစ်ကို ခေါင်းတော်၌ တင်ကြ၏။

          ထိုရောမစစ်သူရဲတို့သည် ဆူးနှင့်ရက်သောဦးရစ်ကို ကိုယ်တော်၏ခေါင်း ပေါ်တွင် တင်ထားရုံမဟုတ်၊ ရက်စက်ကြမ်းကြုတ်သော စစ်သူရဲများပီပီ ချွန်ထက် သောဆူးများဖြင့်ရက်သည့် ဦးရစ် (၎င်းဆူးပင်၊ ဆူးနွယ်များကို ယခုတိုင် ဣသရေ လပြည်နေရာအနှံ့တွင် တွေ့မြင်နိုင်ပါသည်) ကို ကိုယ်တော်၏ခေါင်းပေါ်တွင် ဖိ၍ ဦးရစ်ပေါ်မှ ရိုက်နှက်လိုက်သေးသည်။ ဤတွင် ဆူးချွန်များသည် ကိုယ်တော်၏ဦး ခေါင်းအသားကိုသာမကဘဲ ဦးခေါင်းခွံအထိ စူးဝင်ကာ ပဉ္စမအကြိမ် သွေးယိုစီးခြင်း ဖြစ်စေပါသည်။
          ဆဌမအကြိမ် သွေးယိုစီးခြင်းသည် လက်ဝါးကပ်တိုင်ပေါ်တွင် သံမှိုဖြင့် ရိုက်နှက်ထားခြင်းဖြစ်ပါသည်။ ဤအမှုအရာကိုလည်း ဓမ္မဟောင်းကျမ်းတွင် ကြို တင်ဟောပြောထားခဲ့ပါသည်။ (ဆာ၊ ၂၂း၁၆)တွင် “အကျွန်ုပ်၏ လက်ခြေတို့ကို ထိုးဖောက်ကြပါပြီ” အပိုဒ်(၁၈)တွင်မူ “အကျွန်ုပ်အ၀တ်ကို အချင်းချင်းဝေဖန်၍ အကျွန်ုပ်အင်္ကျီကို စာရေးတံချကြ၏။”ဟု ဖော်ပြထားပါသည်။
          သတ္တမနှင့်နောက်ဆုံး သွေးယိုစီးခြင်းကျန်ပါသည်။ ဤနောက်ဆုံးသွေးယို စီးခြင်းသည် ယေရှုအသက်ထွက်သွားပြီးမှ ဖြစ်ပါသည်။ လက်ဝါးကပ်တိုင်ပေါ်တွင် ချိတ်ဆွဲထားခြင်းခံသောလူသုံးယောက်တို့အား သေဆုံးခြင်းရှိမရှိ သေချာစစ်ဆေး ရန် ရောမစစ်သူရဲတစ်ယောက်အား စေလွှတ်ခြင်းခံခဲ့ရပါသည်။ လူနှစ်ယောက် မသေသေးသောကြောင့် ထိုစစ်သူရဲက သတ်ပစ်လိုက်သည်။ သို့သော် ယေရှုထံသို့ ရောက်သောအခါ အသက်မရှိတော့ကြောင့် ထိုစစ်သူရဲမြင်သည်။ (ယော၊ ၁၉း၃၃-၃၄)တွင် ဤကဲ့သို့ မှတ်တမ်းတင်ထားပါသည်။

          ယေရှုထံသို့ရောက်၍ အသက်မရှိကြောင်းကိုမြင်လျှင် ခြေကိုမချိုးဘဲ စစ် သူရဲတစ်ယောက်သည် နံဘေးတော်ကို လှံနှင့် ထိုးဖောက်၍ သွေးနှင့်ရေသည် ချက်ချင်းထွက်လာ၏။

          ခုနစ်ကြိမ်မြောက်သော သွေးယိုစီးခြင်းသည် ကိုယ်တော်၏ကိုယ်ခန္ဓာထဲက ရှိသမျှ ယိုထွက်ခဲ့ပါသည်။ ကိုယ်တော်သည် သေခြင်း၌ အသက်ကို အမှန်တကယ် စွန့်လွှတ်တော်မူခဲ့ပါသည်။ ကိုယ်တော်သည် သွေးကိုခုနစ်ကြိမ် ခုနစ်ခါ ယိုစီးခဲ့ပါ သည်။
         
၁။ ချွေးသည် သွေးဖြစ်ခဲ့ပါသည်။
၂။ မျက်နှာတော်ကို လက်သီးနှင့် ကြိမ်လုံးဖြင့် အရိုက်ခံတော်မူခဲ့ပါသည်။
၃။ ကိုယ်တော်ကို ရောမကြာပွတ်ဖြင့် အရိုက်ခံတော်မူခဲ့ပါသည်။
၎။ ကိုယ်တော်၏ နပန်းဆံများ အနုတ်ခံရပါသည်။
၅။ ကိုယ်တော်၏ ဦးခေါင်းခွံထိသွာအောင် ဦးခေါင်းပေါ်တွင် ဆူးချွန်များ ရိုက်နှက်
    ခြင်းခံတော်မူခဲ့ပါသည်။
၆။ လက်ခြေများကို သံဖြင့် ထိုးဖောက်ခြင်း ခံတော်မူခဲ့ပါသည်။
၇။ နံဘေးတော်ကို လှံတံဖြင့် ထိုးဖောက်ခြင်းခံတော်မူခဲ့ပါသည်။

          ဝေဒနာခံစားမှုအဆင့်ဆင့်ကို ဖတ်ရင်း ကိုယ်တော်၏ ချစ်ခြင်းမေတ္တာ အတိုင်းအတာကို သတိရပါ။ မှတ်ထားပါ။ ကိုယ်တော်ပေးချေခဲ့သော အဖိုးအခဖြစ် ပါသည်။ ထိုအဖိုးအခသည် ကိုယ်တော်တွင်ရှိသမျှသော ဥစ္စာ၏တန်ဖိုးနှင့် အမှန် တကယ် ညီမျှပါသည်။ ထာဝရဘုရားဖြစ်သော ကိုယ်တော်၏ ဘုန်းတန်ခိုးအာနု ဘော်၊ ရာဇပလ္လင်နှင့် ဘုန်းအသရေတို့ကို လွယ်လွယ်ကလေးနှင့် မစွန့်လွှတ်ခဲ့ပါ။ လောကီသားကဲ့သို့ မြေကြီးပေါ်တွင် ကိုယ်တော်ပိုင်ဆိုင်သော ပစ္စည်းဥစ္စာတို့ကို လွယ်လွယ်နှင့် စွန့်လွှတ်တော်မူခြင်းမပြုခဲ့ပါ။ ကိုယ်တော်၏ တစ်ကိုယ်လုံးကို စွန့် လွှတ်တော်မူခဲ့ပါသည်။ မိမိ၏ အသက်တာကို စွန့်လွှတ်တော်မူခဲ့ပါသည်။ ရွေးနုတ် ကယ်တင်ရန် အဖိုးအခအတွက် အသက်တော်ကို အသွေးတော်၌ သွန်းလောင်းခဲ့ ပါသည်။ ထိုအကြောင်းကို ဆင်ခြင်စဉ်းစား၍ ဘုရားသခင်၏ချစ်ခြင်းမေတ္တာတော် အတိုင်းအတာကို သဘောပေါက်ပါ။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအတိုင်းအတာ သည် အလွန်အကျွံတရားလွန်သည်။

 
+ + + + + + + + 
ပြုပြင်ပြောင်းလဲသောအသက်တာ

ဒေရက်ပရင့်စ်

Comments

Popular posts from this blog

ဘုရားသခင်ကို ချီးမွမ်းသည့်အသက်တာ

ယောသပ်ကို ကျွန်အဖြစ်ရောင်းစားခံရခြင်း

သင်၏တဲရာကို ကျယ်စေလော့