ကျိန်ခြင်းအမင်္ဂလာမှ ကောင်းချီးမင်္ဂလာသို့



ကျိန်ခြင်းအမင်္ဂလာမှ ကောင်းချီးမင်္ဂလာသို့
မည်ကဲ့သို့ ကူးပြောင်းမည်နည်း။



နိဒါန်း
          ကမ္ဘာနိုင်ငံအသီးသီးသို့ ခရီးထွက် အမှုတော်ဆောင်ရင်း အမှောင့်ပယောကို မျက်မြင်ကိုယ်တွေ့ဖြစ်လာခြင်းအား အဓိကတုံ့ပြန်ချက်နှစ်ချက်ကို မှတ်သားမိပါသည်။ အနောက်နိုင်ငံများတွင် ကာလကြာမြင့်စွာ ယထာဘူတကျသော အတွေးအခေါ်၊ သိပ္ပံပညာ ဖြင့် အရာရာကို ချဉ်းကပ်ခြင်းတို့ဖြင့် လွှမ်းမိုးခဲ့ပြီး အာရုံငါးပါးမှ လက်ခံသိရှိသောအရာမှာ တစ်ပါး မည်သည့်အရာကိုမဆို လူအများက လက်ခံကြပါသည်။
            နောက်တစ်ဖက်တွှုမူ အနောက်နိုင်ငံမဟုတ်သော ကမ္ဘာ့နိုင်ငံအနှံအပြားရှိမြို့ကြီး ပြကြီးများတွင် ဖြစ်စေ၊ တောရွာဇနပုဒ်တို့တွင်ဖြစ်စေ၊ လူအများဆုံး၏ အာရုံတွင် အမှောင့် ပယောဂ၏ ပမာဏတစ်ခုတည်းရှိနေသည်မှာ တွေးတောယူဆချက်သက်သက်မဟုတ်ပါ။ လုံးဝမသိနားမလည်ခြင်းထက် သိရှိခြင်းကသာ၍ကောင်းသည်ထားဦး၊ နေ့စဉ်နှင့်အမျှ ဤ အမှောင့်ပယောဂအမှန်တကယ်ဖြစ်လာမည်ကို ကြောက်ရွံ့တုန်လှုပ်သောသူ အမြောက် အမြားရှိလေတော့သည်။ ကောင်းသောအလားအလာသဘောဖြင့် ပြောမည်ဆိုလျှင် ဤ အယူသည်းသောသူတို့သည် ထိုအချုပ်အနှာင်ထဲမှ လွှတ်မြောက်စေရန် ဘုရားသခင်၏ တန်းခိုးတော်ကို ယုံကြည်လက်ခံလွယ်သည့်အခြေအနေတွင် ရှိသည်ဟုလည်း ဆိုနိုင်ပါ သည်။
            ယခု ကျွန်ုပ်တင်ဆက်မည့် သတင်းစကားသည် မည်သည့်နိုင်ငံ၊ မည်သည့်နေရာ တွင် နေထိုင်၍ မည်သည့်နောက်ခံအကြောင်းရှိစေကာမူ၊ လူတို့သည် အမင်္ဂလာမှ ကောင်း ချီးမင်္ဂလာသို့ မည်ကဲ့သို့ကူးပြောင်းနိုင်သည်ကို သဘောပေါက်ရန် များစွာအထောက်အကူ ဖြစ်မည်ဟု ကျွန်ုပ်ယုံကြည်ပါသည်။ နှစ်ပေါင်းများစွာ အတွေ့အကြုံအရ မှန်ကန်ကြောင်း ကျွန်ုပ်ခိုင်လုံစွာ ထင်ရှားပြသနိုင်ခဲ့ပါသည်။ ဤသတင်းစကားသည် လူတို့၏အသက်တာ လူမျိုးစုများ၊ အသင်းတော်များ၊ ကုန်ကုန်ပြောရလျှင် နိုင်ငံတစ်နိုင်ငံလုံးပါ ပြောင်းလဲစေနိုင် သော ဘုန်းတန်ခိုးရှိပါသည်။
            လူအမြောက်အမြားသည် သူတို့အသက်တာတွင် အပြည့်အ၀ နားမလည်သော တစ်စုံတစ်ရာကို တိုက်ခိုက်နေကြသည်ဟု ကျွန်တော်ယုံကြည်ပါသည်။ အနိုင်ဟောရမည့် အချိန်အခါတိုင်း တစ်စုံတစ်ခုက ကြားဝင်ဆီးတား၍ ထမြောက်အောင်မြင်ဖို့ ဟန့်တားခဲ့ပါသည်။ တစ်စုံတစ်ခုသည် ပုဂ္ဂိုလ်၊ လူကုံထံတစ်ဦးဖြစ်အောင်၊ လုံးဝလွတ် မြောက်အောင်နှင့် စိတ်အလိုရှိသည့်အတိုင်း အောင်မြင်စွာ အမှုတော်ဆောင်ရန် တားဆီး နေပါသည်။ ထိုသူတို့သည် မည်သည့်အကြောင်းကြောင့်ဖြစ်ရသည်ဟု အဖြေကို မသိရကြ၊ သို့မဟုတ် ထိုအဖြစ်အပျက်ကို အပြည့်အ၀ လက်ဆုပ်လက်ကိုင်မပြုနိုင်ကြပါ။ သို့သော် လည်း ထိုသူတို့ တိုက်ခိုက်နေကြသည့်အရာမှာ သူတို့အသက်တာတွင် ကျိန်ခြင်းခံရသည် ဟု ကျွန်တော်ယုံကြည်ပါသည်။
            ကျိန်ခြင်းသည် မည်ကဲ့သို့ လှုပ်ရှားသည်၊ မည်သည့်အရပ်ကလာသည်၊ မည်ကဲ့သို့ လူများအား ကျိန်ခြင်းမှ လွတ်ကင်းနိုင်ကာ ဘုရားသခင် ပြင်ဆင်ပေးတော်မူသော ကောင်း ချီးမင်္ဂလာအပြည့်အ၀ကို ခံစားနိုင်မည်ဟူသောအချက်တို့ကို ဤစာအုပ်တွင် ကျမ်းစာကို ကိုးကား၍ ဖော်ပြထားပါမည်။



အပိုင်း (၁)

ကောင်းချီးမင်္ဂလာနှင့်
ကျိန်ခြင်းတို့၏ စစ်မှန်ခြင်း

            ဖျားနားခြင်း၊ ငွေကြေးခက်ခဲခြင်း သို့မဟုတ် သူတစ်ပါးနှင့် ဆက်ဆံရေးမပြေလည် မှုတို့က သင့်ကို အဆက်မပြတ် ကမောက်ကမဖြစ်စေခဲ့ပါသလား။ သင်နှင့် သင်၏မိသားစု တွင် မတော်တဆနစ်နာမှု ပုံမှန်ဖြစ်နေပါသလား။ မည်သည့်အတွက်ကြောင့် လူတချို့သည် သူတို့နှင့် မတန်လောက်အောင် အကြံထမြောက်မှုပြည့်စုံမှုတို့ကို ခံစားသည့်အကြောင်း အံ့ဩမိပါသလား။
            အသက်တာတိုင်းတွင် အားပြိုင်မှုနှစ်ခုရှိသည်ဟု ကျွန်ုပ်ယုံကြည်ပါသည်။ ၎င်းတို့ မှာ ကောင်းချီးမင်္ဂလာနှင့် ကျိန်ခြင်းအမင်္ဂလာတို့ဖြစ်ပါသည်။ တစ်ခုမှာ အကျိုးဖြစ်စေ၍ တစ်ခုမှာ အန္တရာယ်ဖြစ်စေသည်။ ဘုရားသခင်၏ ကောင်းချီးမင်္ဂလာခံစားနိုင်ရန်၊ ကျိန်ခြင်းမှ ကွယ်ကာနိုင်ရန် ဤနှစ်ခုတို့ အားပြိုင်လုပ်ဆောင်ပုံကို နားလည်ဖို့ လိုအပ်ပါသည်။
            ကျိန်ခြင်းသည် အမှောင်ခေတ် (Dark Ages)က နိမိတ်အစွဲလမ်းကြီးခြင်းမဟုတ် ပါ။ ကံဆိုးမိုးမှောင်ကျ၍ သို့မဟုတ် မျိုးရိုးလိုက်၍ ဒုက္ခခံခဲ့ခြင်းမဟုတ်ဟု အံ့ဩဖွယ်တွေ့ရှိခဲ့ သော လူတို့၏စစ်မှန်သော အသက်တာခံစားချက်မှာ သင်ခန်းစာများကို ဖော်ထုတ်ပြသပါ မည်။ ကျိန်ခြင်းဆိုသည်မှာ သင်၏ဥပဓိရုပ်ကို အပြည့်အ၀မပေါ်လွင်အောင် ဖိစီးနေသော ယုတ်မာသည့်လက်တံရှည်ကြီးတစ်ခုဟု အဓိပ္ပါယ်ဖော်နိုင်ပါသည်။ သင်၏သက်တမ်း ကာလတွင် သို့မဟုတ် လွန်ခဲ့သော ဆွေစဉ်မျိုးဆက်က အမြစ်တွယ်ခြင်း ဖြစ်ကောင်းဖြစ်ပါ လိမ့်မည်။

      ဘုရားသခင်သည် ကျွန်ုပ်တို့၏ အတွေးအခေါ်ကို
        မည်ကဲ့သို့ ပြောင်းလဲစေသနည်း
            ကောင်းချီးမင်္ဂလာနှင့် ကျိန်ခြင်းတို့၏ အဖြစ်မှန်နှင့်ပတ်သက်၍ ယခု ကျွန်တော် သဘောပေါက်သကဲ့သို့ ယခင်က နားလည်သဘောပေါက်ခဲ့ခြင်း မရှိခဲ့ပါ။ ကောင်းချီး မင်္ဂလာနှင့် ကျိန်ခြင်းတို့သည် ကျမ်းစာ၏ ထင်မြင်ယူဆချက်များသာဖြစ်သည်ဟု ကျွန်ုပ်သိ ရှိခဲ့ပါသည်။ သို့သော်လည်း သူတို့၏ထူးခြားမှုကို အစမသိရှိခဲ့ပါ။ လွန်ခဲ့သော နှစ်အနည်း ငယ်ခန့်က အဖြစ်အပျက်လေးတစ်ခုဖြင့် ဘုရားသခင်သည် ကျွန်ုပ်၏ အတွေးအခေါ်ကို ပြောင်းလဲစေခဲ့ပါသည်။
            အမေရိကန်ပြည်တွင် ပရက်စ်ဘီတီးရီးယန်းအသင်းတော်တစ်ပါး၌ တရားဒေသနာ ဟောပြောအပြီးတွင် မိသားစုတစ်စုကို သတိပြုမိပါသည်။ သန့်ရှင်းသောဝိညာဉ်တော်က ကျွန်ုပ်ကို ပြောဆိုသကဲ့သို့ ခံစားခဲ့ရပါသည်။ “အဲဒီမိသားစုဟာ ကျိန်ခြင်းခံနေရတယ်။” ဤ အကြောင်းကို အကြောင်းပြချက်မရှိဘဲနှင့် ထိုဖခင်ထံ အသာကလေးချဉ်းကပ်ကာ “ဆရာ၊ ခင်ဗျားမိသားစု ကျိန်ခြင်းခံနေရတယ်လို့ ဘုရားသခင်ပြောပြတယ်လို့ ကျွန်တော်ယုံကြည် တယ်။ အဲ့ဒီကျိန်ခြင်းကို ခရစ်တော်၏ နာမတော်နဲ့ ရုပ်သိမ်းပေးဖို့နဲ့ မိသားစုလွတ်မြောက် စေဖို့ ကျွန်တော်ဆုတောင်းပေးချင်ပါတယ်။ လက်ခံမလားဟု မေးကြည့်ရာ၊ ချက်ချင်းပင် “ဟုတ်ကဲ့”ဟု ဖခင် ဖြစ်သူက ဖြေပါသည်။
            ရိုးရိုးလေးနှင့် တိုတိုလေး ဆုတောင်း၍ ကျိန်ခြင်းကို ရိုက်ချိုးပြီးနောက်တွင် သူတို့ မိသားစု ဖခင်၊ မိခင်၊ အပျိုပေါက် သုံးဦးလုံးတွင် အပြင်လက္ခဏာအားဖြင့် သိသိသာသာ ပြောင်းလဲလာပါသည်။ တစ်ဖန် သူတို့သမီးပျိုသည် ဘယ်ခြေထောက်မှာ ခြေဖ၀ါးမှ ဒူးရင်း အထိ ကျောက်ပတ်တီးစည်းထားသည်ကို သတိပြုမိခဲ့ပါသည်။ ဤတွင် သူမ ဖခင်အား “ခင်ဗျားသမီးရဲ့ အနာရောဂါငြိမ်းစေအောင် ကျွန်တော်ဆုောတင်းပေးဖို့ လိုချင်ပါသလား” ဟု မေးပြန်ရာ၊ သူက “လိုချင်တာပေါ့။ ဒါပေမဲ့ ဆရာကြီးသိဖို့က ဒီသမီးလေးဟာ လွန်ခဲ့တဲ့ ဆယ်နှစ်လအတွင် သုံးကြိမ် ကျိုးခဲ့တယ်။ မပျောက်နိုင်ဘူးလို့ ဆရာဝန်က ပြောခဲ့တယ်။
            ယခု ၎င်း၏စကား ကျွန်တော်ကြားသည့်အခါ ကျိန်ခြင်းဒဏ်ခံရသည်ဟု တစ်ထစ် ချသိရှိရပါသည်။ ရိုးရိုးကလေး ဆုတောင်းပေးလိုက်ပါသည်။ များမကြာမီ သူမ မိခင်ထံမှ ကျေးဇူးတင်သည့် စာတစ်စောင်ရောက်လာပါသည်။ ဆေးခန်းသို့တစ်ခေါက်သွားပြ၍ ဓာတ် မှန်ရိုက်သည့်အခါ လုံးဝပကတိအတိုင်း ပြန်ကောင်းသွားသဖြင့် ကျောက်ပတ်တီးကိုပင် ဖြေ ထုတ်ခဲ့ပြီဖြစ်ကြောင်း စာတွင် ရေးသားထားပါသည်။
            အတွေ့အကြုံကို ပြန်လည်အာရုံပြုတွေးတောသည့်အခါ ထိုမိသားစုသည် ကျိန်ခြင်းခံခဲ့ရကြောင်းကို ဘုရားသခင် ဖော်ပြခဲ့သည်ကို သဘောပေါက်ခဲ့ပြီး၊ သမီးအနာ ရောဂါငြိမ်းစေဖို့ ဆုတောင်းမပေးမီ မိသားစုခံနေရသော ကျိန်ခြင်းကို ရိုက်ချိုးဖြေလွှတ်ဖို့ ဘုရားသခင် လမ်းပြခဲ့ခြင်းဖြစ်ကြောင်း ကျွန်တော် သဘောပေါက်ခဲ့ပါသည်။ ဘယ်လိုသဘောလဲ။
            ကျွန်တော်၏ အဆုံးသတ်ချက်မှာ ကျိန်ခြင်းကို ပြန်လည်ရုပ်သိမ်းပြီသည့်အခါမှ အနာရောဂါငြိမ်းနိုင်မည်ဖြစ်သည်။ တစ်နည်းအားဖြင့် ထိုကျိန်ခြင်းသည် မမြင်နိုင်သော အတားအဆီးတစ်ခုဖြစ်နေရာ၊ ထိုအတားအဆီးကို မရိုက်ချိုးမချင်း သူမအား ဘုရားသခင် ရစေလိုသော ကောင်းချီးမင်္ဂလာကို ဟန့်တားခြင်းခံနေရသည်။
            တစ်ဖန် ဘုရားသခင်သည် ဤကောင်းချီးမင်္ဂလာနှင့် ကျိန်ခြင်းကိစ္စတစ်ခုလုံး၏ အကြောင်းကို ဖော်ပြရန် အစပြုလေတော့သည်။ ဤဘာသာရပ်အကြောင်းကို ကျမ်းစာ တွင် အမြောက်အမားဖော်ပြထားသည်ကို ကျွန်တော်အံ့ဩမိပါသည်။ ဤမျှဖြစ်စေကာမူ မည်သူကမှ တရားဒေသနာအဖြစ် ကောင်းချီးမင်္ဂလာနှင့် ကျိန်ခြင်းတို့ကို နှိုင်းယှဉ်၍ ဟော ပြောလေ့မရှိကြပါ။
            ကျွန်တော့်အသက်တာတွင် ကြုံတွေ့ခဲ့ရသည့်အဖြစ်အပျက်တစ်ခုက ဤအမှောင် အုပ်စိုးခြင်းကို အမှန်တည်ရှိနေသည်ဟု ထင်ရှားစေခဲ့ပါသည်။ (၁၉၀၄) ခုနှစ်က ကျွန်တော် ၏ ဘကြီးတစ်ဦးသည် တရုပ်ပြည်တွင် ဘိန်းစစ်ပွဲနှိမ်နင်းရာ၌ပါဝင်သည့်တပ်ဖွဲတစ်ဖွဲ့ကို ကွပ်ကဲခဲ့ပါသည်။ ဘကြီးပြန်အလာတွင် တရုပ်ပန်းချီတချို့ယူလာခဲ့ရာ နှစ်ကာလကြာ ညောင်းလာသည့်အခါ ထိုတရုတ်အနုပညာပစ္စည်းများမှာ မိသားစုအတွက် ရိုးရာအမွေခံ ပစ္စည်းများဖြစ်လာသည်။ ကျွန်တော့် အမေကွယ်လွန်ပြီးသည့်နောက် ထိုအနုပညာပစ္စည်း တချို့ကို ကျွန်တော့်အား အမွေခွဲပေးခဲ့ပါသည်။
            ထိုအမွေခံပစ္စည်းထဲက စိတ်ဝင်စားစရာအကောင်းဆုံးမှာ လှလှပပ ရောင်စုံခြယ် ထားသော နဂါးလေးကောင် ပန်းချီကားတစ်ချပ်ဖြစ်ပါသည်။ ထိုပန်းချီကားကို အိမ်ခန်းနံရံ တွင် ချိတ်ဆွဲထားပါသည်။ ၎င်းအချိန်၌ ကျွန်တော် အမှုတော်ဆောင်ရာတွင် ကသိက အောင့် ခံနေရသော်လည်း မည်သည့်ကိစ္စဖြစ်သည်ကို အတိအကျမဖော်ထုတ်နိုင်ခဲ့ပါ။ ငွေ ကြေးခက်ခဲမှု၊ စိတ်ပျက်စရာအမျိုးမျိုး၊ ဆက်ဆံရေး ပြဿနာအမျိုးမျိုးစသည့် ကသိ ကအောင့် ပုံစံမျိုးစုံမှာ သိသိသာသာ ထင်ရှားလာခဲ့ပါသည်။
            နောက်ဆုံး၌ အပြင်းအထန် ဆုတောင်း အစာရှောင်ပြီးသည့်နောက် ထိုနဂါးရုပ် များအပေါ် ကျွန်တော်၏စိတ်နေသဘောထား ပြောင်းလဲစပြုလာသည်ကို သတိထားမိပါ သည်။ ကျမ်းစာထဲမှာ နဂါးကို ကိုယ်စားပြုသူ ဘယ်သူလဲဟု မိမိကိုယ်ကို မေးကြည့်ခဲ့ပါ သည်။ သေချာပါသည်။ စာတန်မာရ်နတ်မှ စာတန်မာရ်နတ်ဖြစ်ပါသည်။ စာတန်မာရ်နတ်ကို ကိုယ်စားပြုသော ထိုနဂါးရုပ်ပန်းချီကား မည်မျှလှပသည်ဖြစ်စေကာမူ ခရစ်ယာန်အိမ် ထောင်ထဲတွင် မထားသင့်ကြောင်း သဘောပေါက်လာခဲ့အခါ နှုတ်ကပတ်တော်ကို နားခံသောအားဖြင့် ထိုပန်းချီးကားကို ဖျောက်ပစ်ခဲ့ပါသည်။
            မကြာပါ။ နောက်လများမှစ၍ ကျွန်တော်၏ ငွေးရေးကြေးရေး သိသိသာသာတိုး တက်လာခဲ့ပါသည်။ ထိုအတွေ့အကြုံကို အာရုံပြုတွေးတောသည့်အခါ (တရား၊၇း၂၅-၂၆)  မှ အသိဥာဏ်အသစ် တိုးပွားလာပါသည်။ ထိုကျမ်းပိုဒ်မှာ ခါနာန်လူမျိုးတို့၏ ရုပ်တုကိုးကွယ် ခြင်းနှင့် လုံးဝမပတ်သက်ဖို့ ဣသရေလလူမျိုးတို့အား မောရှေ သတိပေးခြင်းဖြစ်ပါသည်။
သူတို့ထုသော ရုပ်တုဆင်းတုဘုရားများကို မီးရှို့ရမည်။  ရုပ်တုဆင်းတု၌ပါသော ရွှေ၊ငွေကို မတပ်မက်ရ။ မသိမ်းမယူရ၊ ယူလျှင် အပြစ်ရောက်မည်ဟု စိုးရိမ်စရာရှိ ၏။ သင်၏ ဘုရားသခင်ထာဝရဘုရားသည် စက်ဆုပ်ရွံ့ရှာတော်မူ၏။ စက်ဆုပ်ရွံ့ ရှာဘွယ်သောအရာကို သင့်အိမ်ထဲသို့ မသွင်းရ။ သွင်းလျှင်၊ သင်သည် ထိုအရာ ကဲ့သို့ ကျိန်အပ်သောအရာဖြစ်မည်ဟု စိုးရိမ်စရာရှိ၏။ ထိုသို့သောအရာကို သင် သည် အကြွင်းမဲ့စက်ဆုပ်ရွံ့ရှာရမည်။ ကျိန်ခြင်းခံသောအရာပင်ဖြစ်ပေ၏။
            ကျွန်တော့်အိမ်ထဲသို့ ရုပ်တုကို သိမ်းဆည်းခြင်းအားဖြင့် ကျွန်တော်နှင့် ကျွန်တော့် မိသားစုကို ကျိန်ခြင်းခံဖို့ လမ်းဖွင့်ပေးနေပါသည်။ မိသားစုအတွင်း ဖြစ်ပျက်နေသည့် ပယောဂအကြောင်းကို အမြင်မှန်ရစေသည့် သန့်ရှင်းသော ၀ိညာဉ်တော်ကို အလွန်ကျေးဇူး တင်ပါသည်။
            ကျွန်တော်၏ ငွေကြေးအခြေအနေတိုးတက်မှုနှင့် ခြေကျိုးမိန်းကလေး အနာရော ဂါပျောက်ကင်းမှုတို့ကို ဆက်စပ်ကြည့်သည့်အခါ အခြေခံမူတစ်ခုကို စတင်၍ သဘော ပေါက်လာခဲ့ပါသည်။ ဤအမှုအရာနှစ်ခုစလုံးတွင် ကျိန်ခြင်းသည် မမြင်နိုင်သောအဟန့် အတားအဖြစ် တည်ရှိနေသည်။ ကျိန်ခြင်းကို ဆုတောင်းခြင်းဖြင့် ကျွတ်လွတ်စေသည့်အခါ ထိုမိန်းကလေးအား အနာရောဂါငြိမ်းစေခဲ့သကဲ့သို့ ကျွန်တော့ကိစ္စတွင် ငွေကြေးကြီးပွား ချမ်းသာမှုဖြစ်လာခဲ့သည်။
            ကောင်းချီးမင်္ဂလာနှင့် ကျိန်ခြင်းအမင်္ဂလာတို့၏ အဖြစ်မှန်ကို ရှင်းလင်းစွာ ပုံဖော် သည့် အတွေ့အကြုံနောက်တစ်ခုကို ဝေငှပါဦးမည်။ တောင်အာဖရိကတိုက်တွင် ဒေါ်မိရီ အမ်ဟုခေါ်သော ယုဒအမျိုးသမီးတစ်ဦးနှင့် တွေ့ဆုံခဲ့ပါသည်။ သူမသည် ယေရှုကို ယုံ ကြည်သူ၊ ကယ်တင်ခြင်းရရှိ၍ ၀ိညာဉ်တော်၌ နှစ်ခြင်းမင်္ဂလာခံပြီးသောသူဖြစ်ပါသည်။ အရည်အချင်းပြည့်စုံ၍ လခကောင်းကောင်းရရှိထားသော စာရေးမတစ်ဦးဖြစ်ပါသည်။ သူမ၏ဆုတောင်းချက်အရ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုတွင် ဤအလုပ်ကို ရရှိခြင်းဖြစ် ပါသည်။ များမကြာမီ သူမတွေ့ရှိလာခဲ့သည်မှာ လုပ်ငန်းပိုင်ရှင်ကိုယ်တိုင်နှင့် အခြားဝန် ထမ်းအားလုံးသည် အောင်မြသည့် အမှုတော်ဆောင်တစ်ယောက်ဦးဆောင်သော အသင်း တော်တစ်ခုတွင် ပါဝင်ကြခြင်းဖြစ်သည်။
            မဆိုင်းမတွပင် သူမ၏ လုပ်ငန်းပိုင်ရှင်က ပြောလာပါသည်။ “ကျွန်တော်တို့ရဲ့ ဓမ္မ ဆရာ ကျွန်တော်တို့အတွက် ကောင်းချီးမင်္ဂလာများကို သရေဖျက်ပေးခဲ့ပါတယ်။ လက်နှိပ် စက်နဲ့ ရိုက်ပေးပါ”ဟု ခိုင်းစေခဲ့သည်။ အမှန်မှာ ထိုဆရာ၏ အမှုတော်ဆောင်ခြင်းသည် ကောင်းချီးမင်္ဂလာဖြစ်ကြောင်းကို ဒေါ်မိရိအမ် မကြာမီတွေ့ရှိခဲ့ပါသည်။ မည်သို့ဖြစ်စေ ဘုရားသခင်အား ဆက်ကပ်အပ်နှံခဲ့သော ခရစ်ယာန်တစ်ဦးအနေဖြင့် ထိုဓမ္မအမှုတော် ဆောင်၏စကားကို လက်နှိပ်စက်ဖြင့် ရိုက်ပေးရန် ဘုရားသခင်အလိုတော်နှင့် မကိုက်ညီဟု ယုံကြည်သည့်အကြောင်းကို သူမ၏ လုပ်ငန်းပိုင်ရှင်က သူမ၏ဩတ္တပ္ပစိတ်ကို ထိခိုက်မည် ဟု သဘောမပေါက်မိ၍ စေခိုင်းသည်ကို ခွင့်လွှတ်ပါဟု ကရုဏာသံဖြင့် တောင်းပန်ခဲ့လေ သည်။
            မည်သို့ဖြစ်စေ များမကြာမီ ဒေါ်မိရိအမ်၏ လက်နှစ်ဘက်ရှိ လက်ချောင်းများသည် ကွေးကောက်လာကြကာ လုံးဝလှုပ်ရှားမရအောင် ထုံကျင်နေသည်ကို ခံစားခဲ့ရပါသည်။ ကွေး၍လုံးဝမရရှိသည့်အခါ အလုပ်မလုပ်နိုင်ဘဲ ရှိနေသည်။ နာကျင်လွန်းသဖြင့် အိပ်မပျော် ခဲ့ပါ။ ဆရာဝန်က အဆစ်ရောဂါဟု ပြောသည်။
            ကျွန်တော်၏ “ကျိန်ခြင်း၊ ၎င်း၏အကြောင်းတရားနှင့်ကုသခြင်း”ဟူသော ဟော ပြောချက်ကို နားထောင်ခဲ့သည့် ဒေါ်မိရိအမ်၏ ခရစ်ယာန်မိတ်ဆွေတစ်ဦးက ထိုဟောပြော ချက်ကို အသံသွင်းသော ကက်ဆက်ခွေသုံးခုကို ယူလာခဲ့ပါသည်။ ထိုတိတ်ခွေများအနက် ကျိန်ခြင်းခံရသူများ ကျိန်ခြင်းမှ ကျွတ်လွတ်သွားရန် ဆုတောင်းပတ္ထနာအပိုင်းကို ဖွင့်ပြရာ မဖော်ပြနိုင်သည့်အကြောင်းကြောင့် ကက်ဆက်သည် ရုတ်တရက် လုံးဝရပ်တန့်ကာ တိပ် ခွေကိုပြန်ထုတ်မရအောင် ကြပ်နေပါသည်။
            ယခုအချိန်အထိ ဒေါ်မိရိအမ်ငည် မယုံတယုံဖြင့်သာ သူမ၏မိတ်ဆွေကျေနပ်ရန် နားထောင်ခဲ့ခြင်းဖြစ်ပါသည်။ ကက်ဆက်ကို ဆက်ဖွင့်၍မရသည့် နောက်ဆုံး ဒေါ်မိရိအမ် သည် မိတ်ဆွေမှ ကြံကြံဖန်ဖန်ပါလာသော ထိုတရားဟောချက်စာသားကို ဖတ်ရန် သဘော တူခဲ့ပါသည်။ တရားဟောချက်စာသားကို ဖတ်ပြီးသည့်အခါတွင်မူ သူမ၏လက်ချောင်းများ သည် ထုံကျင်ခြင်းမှလွတ်ကာ နာကျင်မှုလည်း ပျောက်ကင်းသည်ဟု ခံစားခဲ့ရပါသည်။
            ဆရာဝန်အား ပြန်ပြရာတွင် အမှန်ပင် လုံးဝပျောက်ကင်းပြီဟု အတည်ပြုခဲ့ပါ သည်။ မှတ်သားစရာမှာ ထိုအနာရောဂါငြိမ်းစေရန် သီးခြားဆုတောင်းခြင်းမရှိခဲ့ဘဲ ကျိန်ခြင်း မှလွတ်မည့် ဆုတောင်းပတ္ထနာပြုခြင်းကိုသာ ဖတ်ခဲ့ပါသည်။
            ကျွန်တော်တို့၏ နောက်ခံသမိုင်းမည်ကဲ့သို့ ရှိစေကာမူ ဤကောင်းချီးမင်္ဂလာနှင့် ကျိန်ခြင်း၏ အုပ်စိုးမှုနယ်ပယ်တစ်ခုလုံးသည် အမှောင်ခေတ်မှ ကျန်ရစ်ခဲ့သော ရှေးဟောင်း အယူသည် စိတ်စွဲလန်းမှုမဟုတ်သည်ကို သဘောပေါက်ရန် အလွန့်အလွန် အသက်တမျှ အရေးကြီးပါသည်။ အစစ်အမှန်တည်ရှိနေသည်ဖြစ်ရာ ဘုရားသခင်သည် သူ့လူများအား ဤအကြောင်းကို ရှင်းလင်းစွာ နားလည် သဘောပေါက်ဖို့ အလိုတော်ရှိပါသည်။ သို့မှသာ ဘုရားသခင်၏ကောင်းချီးမင်္ဂလာကို အပြည့်အ၀ခံစားကာ မိမိတို့အသက်တာတွင် အောင် ပွဲအလီလီ ခံစားနိုင်မည်ဖြစ်ပါသည်။

############
ကျိန်ခြင်းအမင်္ဂလာမှ ကောင်းချီးမင်္ဂလာသို့ (အပိုင်း ၂) ကို ဆက်လက်ဖော်ပြပေးပါမည်။

[[[ အသက်တာပြောင်းလဲစေသော ၀ိညာဉ်ရေးရာ တန်ခိုးတော် ]]]
{{ ဒေရက်ပရင့်စ် }}

Comments

Popular posts from this blog

ဘုရားသခင်ကို ချီးမွမ်းသည့်အသက်တာ

ယောသပ်ကို ကျွန်အဖြစ်ရောင်းစားခံရခြင်း

သင်၏တဲရာကို ကျယ်စေလော့