နေ့စဉ် ဘုရားသခင်၏အသံတော်ကို ကျမ်းစာဖတ်ခြင်းဖြင့် နားထောင်ခြင်း

ဆုတောင်းခြင်း (၆)
= = == = = =
လုကာ၊ ၁၈း၁-၁၄
၁၊ လူတို့သည် အားမလျော့ဘဲကြိုးစား၍ ဆုတောင်းရမည်အကြောင်းကို ဥပမာစကားအားဖြင့် မိန့်တော်မူသည်ကား၊
၂၊ မြို့တမြို့၌ ဘုရားသခင်ကို မကြောက်ရွံ့၊ လူကို အားမနာတတ်သော တရားသူကြီးတစ်ယောက်ရှိ၏။
၃၊ ထိုမြို့၌နေသော မုဆိုးမတယောက်သည် တရားသူကြီးထံသို့သွား၍၊ ကျွန်မရန်ဘက်ကို လက်စားချေလောက်အောင် အပြစ်အလျောက်ဒဏ်စီရင်ပါဟု တောင်းပန်သော်လည်း၊
၎၊ တရားမစီရင်ဘဲ ကြာမြင့်စွာနေ၏။ ထိုနောက် တရားသူကြီးက၊ ငါသည် ဘုရားသခင်ကို မကြောက်ရွံ့၊ လူကို အားမနာတတ်သောသူဖြစ်သော်လည်း၊
၅၊ ဤမုဆိုးမသည် ငါ့ကိုနှောင့်ရှက်သောကြောင့် သူဘက်၌ တရားစီရင်မည်။ သို့မဟုတ် အစဉ်လာ၍၊ ငါ့ကို ပင်ပန်းစေလိမ့်မည်ဟု စိတ်ထဲ၌ အကြံရှိ၏။
၆၊ မတရားသော ထိုတရားသူကြီး၏အကြံကိုမှတ်ကြလော့။
၇၊ ဘုရားသခင် ရွေးကောက်တော်မူသောသူတို့သည် ညဥ့်နေ့မပြတ်အော်ဟစ်၍ တောင်းလျှောက်လျှင်၊ ဘုရားသခင်သည် သူတို့ဘက်၌ တရားမစီရင်ဘဲနေတော်မူမည်လော။ ကြာမြင့်စွာ သည်းခံတော်မူမည်လော။
၈၊ ငါဆိုသည်ကား၊ သူတို့ဘက်၌ အလျင်အမြန်တရားစီရင်တော်မူမည်။ သို့သော်လည်း လူသားသည် ကြွလာသောအခါ ယုံကြည်ခြင်းကို မြေကြီးပေါ်မှာ တွေ့မည်လောဟု သခင်ဘုရားသည် မိန့်တော်မူ၏။
၉၊ ကိုယ်ကုသိုလ်ကို အမှီပြု၍ သူတပါးကို မထီမဲ့မြင်ပြုတတ်သောသူအချို့တို့အား မိန့်တော်မူသော ဥပမာကား၊
၁၀၊ လူနှစ်ယောက်တို့သည် ဆုတောင်းပဌနာပြုခြင်းငှါ ဗိမာန်တော်ပေါ်သို့တက်ကြ၏။ တယောက်ကား ဖာရိရှဲဖြစ်၏။ တယောက်ကား အခွန်ခံဖြစ်၏။
၁၁၊ ဖာရိရှဲသည် တယောက်တည်းရပ်လျက်၊ အိုဘုရားသခင်၊ သူတပါးတို့သည် အနိုင်အထက်လုယူခြင်း၊ မတရားသဖြင့်ကျင့်ခြင်း၊ သူ့မယားကိုပြစ်မှားခြင်းအပြစ်ရှိသကဲ့သို့ အကျွန်ုပ်၌မရှိသည်သာမက၊ ဤအခွန်ခံကဲ့သို့ပင်မဟုတ်သောကြောင့် ကျေးဇူးကြီးလှပေ၏။
၁၂၊ အကျွန်ုပ်သည် ခုနှစ်ရက်တွင် နှစ်ရက်အစာရှောင်ပါ၏။ ဥစ္စာရှိသမျှတို့ကို ဆယ်ဘို့တဘို့လှူပါ၏ဟု၍ ဆုတောင်းပဌနာပြု၏။
၁၃၊ အခွန်ခံမူကား၊ အဝေးကရပ်၍ ကောင်းကင်သို့မမျှော်မကြည့်ဝံ့ဘဲ ရင်ပတ်ကိုခက်လျက်၊ အိုဘုရားသခင် အပြစ်များသော အကျွန်ုပ်ကို သနားခြင်းကရုဏာစိတ်ရှိတော်မူပါဟုဆုတောင်းလေ၏။
၁၄၊ ငါဆိုသည်ကား၊ ထိုသူသည် အပြစ်ပြေလျက် မိမိအိမ်သို့ပြန်သွား၏။ ဖာရိရှဲမူကား အပြစ်မပြေ။ အကြောင်းမူကား၊ ကိုယ်ကိုကိုယ် ချီးမြှောက်သောသူမည်သည်ကား၊ နှိမ့်ချခြင်းသို့ရောက်လတံ့။ ကိုယ်ကိုကိုယ် နှိမ့်ချသောသူမည်သည်ကား၊ ချီးမြှောက်ခြင်းသို့ရောက်လတံ့ဟု မိန့်တော်မူ၏။

Comments

Popular posts from this blog

ဘုရားသခင်ကို ချီးမွမ်းသည့်အသက်တာ

ယောသပ်ကို ကျွန်အဖြစ်ရောင်းစားခံရခြင်း

သင်၏တဲရာကို ကျယ်စေလော့