အာဗြဟံကို ဘုရားသခင်ခေါ်ခြင်း ၁

ကမ္ဘာဦးကျမ်း ၁၂း ၁-၉

  1. ထာဝရဘုရားသည်လည်း အာဗြံကို ခေါ်တော်မူ၍၊ သင်၏ပြည်နှင့်တကွ အမျိုးသားချင်းပေါက်ဘော် များထဲက ထွက်ပြီးလျှင်၊ ငါပြလတံ့သော ပြည်သို့ သွားလော့။ 
  2. ငါသည် သင့်ကို လူမျိုးကြီးဖြစ်စေမည်။ ငါ ကောင်းကြီးပေး၍ သင်၏နာမကို ကြီးမြတ်စေမည်။ သင် သည် ကောင်းကြီးခံရသောသူ ဖြစ်လိမ့်မည်။ 
  3. သင့်ကို ကောင်းကြီးပေးသောသူကို ငါကောင်းကြီးပေးမည်။ သင့်ကို ကျိန်ဆဲသောသူကို ငါကျိန်ဆဲမည်။ သင်အားဖြင့်လည်း လူမျိုးအပေါင်းတို့သည် ကောင်းကြီးမင်္ဂလာကို ခံရကြလိမ့်မည်ဟု မိန့်တော်မူ၏။
  4. ထိုသို့ ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ အာဗြံထွက်သွား၍ လောတလည်းလိုက်လေ၏။ အာဗြံ သည် ခါရန်မြို့မှ ထွက်သွားသောအခါ အသက်ခုနစ်ဆယ်ငါးနှစ်ရှိ၏။ 
  5. အာဗြံသည် မယားစာရဲ၊ အစ်ကိုသားလောတနှင့်၊ ဥစ္စာရတတ်သမျှကို၎င်း၊ ခါရန်မြို့၌ရသော လူတို့ကို ၎င်း၊ ယူပြီးလျှင် ခါနာန်ပြည်သို့ ရောက်ခြင်းငှါ၊ ထွက်သွား၍၊ ထိုပြည်သို့ ရောက်ကြ၏။
  6. အာဗြံသည် ထိုပြည်ကို ရှောင်သွား၍ ရှိခင်အရပ်၊ မောရသပိတ်ပင်သို့ ရောက်လေ၏။ ထိုအခါ၊ ခါနာန်အမျိုးသားတို့သည် ထိုပြည်၌ ရှိကြရ၏။ 
  7. ထာဝရဘုရားသည် အာဗြံအားထင်ရှား၍၊ ဤပြည်ကို သင်၏အမျိုးအနွယ်အား ငါပေးမည်ဟု မိန့်တော်မူ၏။ ထိုသို့ထင်ရှားတော်မူသော ထာဝရဘုရားဘို့၊ ထိုအရပ်၌၊ ယဇ်ပလ္လင်ကို တည်လေ၏။
  8. ထိုအရပ်မှ သွားပြန်၍၊ ဗေသလမြို့အရှေ့၌ ရှိသော တောင်သို့ ပြောင်းသဖြင့်၊ ဗေသလမြို့အရှေ့၊ အာဣမြို့ အနောက်စပ်ကြားမှာ တဲကိုဆောက်၍၊ ထာဝရဘုရားသို့ ယဇ်ပလ္လင်ကို တည်ပြီးလျှင်၊ ထာဝရဘုရား၏ နာမတော်ကို ပဌာနပြု၏။ 
  9. အာဗြံသည် ခရီးသွားလျက်၊ ပြောင်းလျက်၊ တောင်မျက်နှာသို့ ရောက်လေ၏။

Comments

Popular posts from this blog

သင်၏တဲရာကို ကျယ်စေလော့

ကျိန်ခြင်းအမင်္ဂလာမှ ကောင်းချီးမင်္ဂလာသို့ (၃)

သစ္စာစောင့်၍