နောဧ နှင့် ရေလွှမ်းမိုးခြင်း ၂
ကမ္ဘာဦးကျမ်း ၇
၁ ထိုနောက်၊ ထာဝရဘုရားသခင်သည် နောဧကို တဖန် မိန့်တော်မူပြန်သည်ကား၊ ဤကာလအမျိုးတွင် သင်သည် ငါရှေ့၌ ဖြောင့်မတ်ကြောင်းကို ငါသိမြင်သည်ဖြစ်၍၊ သင်၏အိမ်သူအိမ်သားအပေါင်းတို့နှင့်တကွ၊ သင်္ဘောထဲသို့ဝင်ကြလော့။
၂ မြေကြီးပေါ်မှာ တိရစ္ဆာန်အမျိုးမပျက်ဆက်နွယ်စေခြင်းငှါ၊ စင်ကြယ်သော သားမျိုး၊ တမျိုးတမျိုးတွင် အထီးအမခုနစ်စုံစီ၊ မစင်ကြယ်သောသားမျိုး၊ တမျိုးတမျိုးတွင်လည်း အထီးအမနှစ်စုံစီ၊-
၃ မိုဃ်းကောင်းကင်ငှက်၊ တမျိုးတမျိုးတွင်လည်း အထီးအမခုနစ်စုံစီ၊ အသီးအသီးတို့ကို သိမ်းယူရမည်။-
၎ အကြောင်းမူကား၊ ယနေ့မှစ၍ ခုနစ်ရက်စေ့လျှင်၊ အရက်လေးဆယ်ပတ်လုံး မြေကြီးပေါ်သို့မိုဃ်းရွာစေမည်။ ငါဖန်ဆင်းသောသတ္တဝါအပေါင်းတို့ကို၊ မြေကြီးမျက်နှာပေါ်မှ ငါပယ်ရှင်းမည်ဟု၊ ထာဝရဘုရားမှာထားတော်မူ၏။
၅ မှာထားတော်မူသည်အတိုင်းလည်း နောဧပြုလေ၏။-
၆ မြေကြီးကို ရေလွှမ်းမိုးသောအခါ၊ နောဧသည် အသက်ခြောက်ရာရှိသတည်း။-
၇ ရေလွှမ်းမိုးခြင်း ဘေးကြောင့်၊ နောဧသည် မိမိသား၊ မယား၊ ချွေးမများနှင့်တကွ၊ သင်္ဘောထဲသို့ဝင်၍၊-
၈ ဘုရားသခင်မှာထားတော်မူသည်အတိုင်း၊ စင်ကြယ်သောသား၊ မစင်ကြယ်သောသား၊ ငှက်များနှင့်၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်များအထဲက၊-
၉ အထီးအမအစုံတို့သည်၊ နောဧနှင့်အတူ သင်္ဘောထဲသို့ဝင်ကြ၏။
၁၀ ခုနစ်ရက်စေ့သောအခါ၊ လွှမ်းမိုးအပ်သောရေသည် မြေပေါ်၌ပေါ်လာ၏။-
၁၁ နောဧ အသက်ခြောက်ရာစေ့သောနှစ်၊ ဒုတိယလ၊ ဆယ်ခုနစ်ရက်နေ့တွင်၊ ကြီးစွာသောနက်နဲရာရေပေါက်ရေတွင်းတို့၏ အဆီးအတားရှိသမျှကို ပယ်ရှင်း၍၊ မိုဃ်းကောင်းကင်ပြွန်ဝများကို ဖွင့်သဖြင့်၊-
၁၂ အရက်လေးဆယ်ပတ်လုံး မြေကြီးပေါ်မှာ မိုဃ်းရွာလေ၏။-
၁၃ ထိုနေ့ရက်တွင်၊ နောဧနှင့် မိမိမယားမှစ၍၊ ရှေမ၊ ဟာမ၊ ယာဖက် တည်းဟူသော၊ နောဧသားသုံးယောက်၊ ချွေးမသုံးယောက်တို့သည်၊ သင်္ဘောထဲသို့ဝင်ကြ၏။
၁၄ သားရဲမျိုး၊ သားယဉ်မျိုး၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်မျိုး၊ ပျံတတ်သောကြက်ငှက်မျိုး၊-
၁၅ အသက်ရှင်သောတိရစ္ဆာန်အမျိုးမျိုးအပေါင်းတို့အထဲက၊ အထီးအမအစုံတို့သည်၊ နောဧနှင့်အတူ သင်္ဘောထဲသို့ ၀င်ကြလေ၏။-
၁၆ ထိုသို့နောဧကို ဘုရားသခင်မှာထားတော်မူသည်အတိုင်း ၀င်သောတိရစ္ဆာန်တို့သည်၊ ခပ်သိမ်းသော တိရစ္ဆာန်တို့အထဲက၊ အထီးအမစုံလျက်ဝင်ကြ၏။ ထာဝရဘုရားသည်လည်း၊ နောဧကိုအထဲမှာ ပိတ်ထားတော်မူ၏။
၁၇ ရေလွှမ်းမိုးခြင်းသည်၊ အရက်လေးဆယ်ပတ်လုံး၊ မြေကြီးပေါ်မှာ အစဉ်အတိုင်း တိုးတက်၍၊ သင်္ဘောကို မြေမှခွါလျက် ဆောင်ယူလေ၏။-
၁၈ တဖန် ရေသည်အားကြီး၍၊ မြေကြီးပေါ်မှာ အလွန်တိုးတက်သဖြင့်၊ သင်္ဘောသည် ရေမျက်နှာပေါ်၌ မျောလျက်နေလေ၏။-
၁၉ နောက်တဖန် ရေသည် မြေကြီးပေါ်မှာ အလွန်အားကြီးသဖြင့်၊ မိုဃ်းကောင်းကင်အောက်၌ ရှိသမျှသောတောင်ကြီးအပေါင်းတို့သည် မြုပ်ကြ၏။-
၂၀ ရေမြုပ်သောတောင်တို့အထက်၌ လွှမ်းတက်သောရေသည် ဆယ်ငါးတောင်ရှိသတည်း။
၂၁ မြေပေါ်မှာ လှုပ်ရှားတတ်သော တိရစ္ဆာန်မျိုးတည်းဟူသောငှက်၊ သားယဉ်၊ သားရဲ၊ မြေပေါ်မှာတွားတတ်သော တိရစ္ဆာန်အပေါင်းတို့နှင့် လူအပေါင်းတို့သည် သေကြကုန်၏။-
၂၂ အသက်ရှုလျက် ကုန်းပေါ်မှာ ရှိလေသမျှတို့သည် သေကြကုန်၏။-
၂၃ မြေမျက်နှာပေါ်၌ ရှိသောသူဖြစ်စေ၊ သားဖြစ်စေ၊ တွားတတ်သောအရာဖြစ်စေ၊ မိုဃ်းကောင်းကင်ငှက်ဖြစ်စေ၊ အသက်ရှင်သောအရာရှိရှိသမျှတို့ကို၊ မြေကြီးပေါ်က ပယ်ရှင်းတော်မူ၍၊ ပျက်စီးကွယ်ပျောက်ခြင်းသို့ရောက်ကြကုန်၏။ နောဧမှစ၍ နောဧနှင့်အတူ သင်္ဘောထဲ၌ရှိသောသူတို့သာကျန်ကြွင်းကြလေ၏။-
၂၄ ရေသည်လည်း မြေကြီးပေါ်မှာ၊ ရက်ပေါင်းတရာငါးဆယ်ပတ်လုံးအားကြီးစွာတည်လေ၏။
==>> ကမ္ဘာဦးကျမ်း ၈
==>> ကမ္ဘာဦးကျမ်း ၉း ၁-၁၇
==>> ကမ္ဘာဦးကျမ်း ၆း ၅-၂၂
==>> သမ္မာကျမ်းစာဇာတ်လမ်းများ

Comments