စစ်မှန်သောနောင်တစိတ်နှင့် (တရားဒေသနာ)

စစ်မှန်သောနောင်တစိတ်နှင့်
=-=-=-=-=-=-=-=-=-=
တရားဒေသနာ
----------------
လောကကြီးထဲတွင် လူကောင်းရှိသလို လူမိုက်၊ လူဆိုးများလည်း ရှိကြပါသည်။ မိသားစုတစ်စု၌ ဖြောင့်မတ်သူ၊ လူကောင်းအများ ရှိနေပြီးမှ ဆိုးမိုက်နေသူ တစ်စုံတစ်ဦးပါလာပါက တစ်မိသားစုလုံး စိတ်မချမ်းသာနိုင်ကြပါ။ ယနေ့ လောကကြီးထဲတွင် ဘုရားရှိသည်ဟု ယုံကြည်ပြီး စိတ်နှလုံးအတွင်းမှ အလေးထားအသက်ရှင်နေကြသူ အများရှိကြသလို၊ ဘုရားမရှိဟု ခံယူပြီး တရားကိုသာ အာရုံစိုက်၍ တရားနောက်ကို လိုက်နေကြသူများလည်း ရှိကြပါသည်။ တရားဟူသည် သစ္စာစကားဖြစ်၍ မိမိလုပ်သည့်အတိုင်း အကျိုးခံစားနိုင်စရာဖြစ်သော်လည်း တရား၌ အသက်မရှိ။ ဘုရားရှင်ဟူမူကား မေတ္တာနှင့်တွဲဖက်၍ ရှင်သန်နေသော ပုဂ္ဂိုလ်တော်မြတ်ဖြစ်ပေသည်။ ဘုရားရှင်ထံမှ မေတ္တာနှင့် မထိုက်မတန် ခွင့်လွှတ်ခြင်းကျေးဇူးကို ကျွန်ုပ်တို့ခံစားရနိုင်ပါသည်။

စစ်မှန်သောနောင်တစိတ်နှင့်
ဘုရားရှင်သည် ကောင်းမြတ်သောအရှင်ဖြစ်ကြောင်း မည်သူမျှငြင်းဆန်ကြမည်မဟုတ်။ အချို့က ဤအချက်အပေါ်တွင် စောဒက တက်ကြသည်။ ဘုရားရှင်သည် ကောင်းမြတ်သောအရှင်ဖြစ်သောကြောင့် ဆိုးချင်သလောက်ဆိုး၊ မိုက်ချင်သလောက်မိုက်နေသူများ အပြစ်ဝန်ချ တောင်းပန်ရုံမျှဖြင့် ခွင့်လွှတ်ပြီး ထိုသူအား ဆက်၍ ဆိုးခွင့်မိုက်ခွင့်မပေးသင့်ဟု ဆိုကြသည်။ ထို့အတူ ခရစ်ယာန်များ ဘုရားရှင်ကို ယုံကြည်သည်ဟု ပြောဆိုပြီးမှ မိမိတို့စိတ်ကြိုက်အသက်ရှင်နေကြသူများအား ဘုရားရှင်ထံ တိုးဝင်ဆုတောင်းရုံမျှဖြင့် ကောင်းရာသုဂတိဝင်ခွင့်ပေးခြင်းသည်လည်း မကျေနပ်စရာဖြစ်သည်ဟု အခြားသူများကဆိုကြသည်။ မေတ္တာတော်ရှင်ဘုရားသည် ဆိုးမိုက်နေသူတို့အပေါ်၌ မေတ္တာတစ်ခုတည်းကို အခြေပြု၍ ခွင့်လွှတ်သည်မဟုတ်ပါ။ ခွင့်လွှတ်ခြင်းကဏ္ဍ၌ သစ္စာတရားပါတွဲဖက်နေပါသည်။ ဆိုးမိုက်နေသူသည် မိမိအမှားကို ၀န်ခံပြီး ရှေ့တော်သို့ တိုးဝင်သည့်အခါ စစ်မှန်သောနောင်တစိတ်မပါလျှင် ဘုရားရှင်က ခွင့်လွှတ်၍မရပါ။ ယနေ့ ခရစ်ယာန်များအကြောင်းအမျိုးမျိုးကြောင့် ဘုရားရှင်ကို ယုံကြည်ပါသည်ဟု ဆိုရုံမျှဖြင့် ကိုယ်တော်က ခွင့်လွှတ်၍ ကောင်းရာသုဂတိလားစေမည်လား။ ဘုရားရှင်အလိုတော်က ထိုသို့မဟုတ်ပါ။ ဘုရားရှင်သည် စိတ်နှလုံးကျောက်ကပ်ကို စစ်၍ အကြွင်းမဲ့သိတော်မူသော သဗ္ဗညုတဥာဏ်တော်ရှင်ဖြစ်တော်မူပါသည်။ တရားက စစ်မှန်သောနောင်တစိတ်နှင့် ၀န်ခံဖို့ရန် ပြောပါသည်။ သို့သော် လူတစ်ဦးက မိမိအမှားအတွက် ၀န်ခံစကားဆိုရာ၌ စစ်မှန်သော နောင်တစိတ်ပါသည်၊ မပါသည်ကို ကျွန်ုပ်တို့ မသိနိုင်ပါ။ သူ၏၀န်ခံစကားကိုသာ ကျွန်ုပ်တို့ လက်ခံရသည်။ ဘုရားရှင်မှာမူ မိမိရှေ့တော်သို့လာသူသည် စစ်မှန်သောနောင်တစိတ်နှင့် လာခြင်းဟုတ်မဟုတ်ကို သိတော်မူပါသည်။ ဘုရားရှင်ထံမှ ခွင့်လွှတ်ခြင်းမေတ္တာကို ကျွန်ုပ်တို့ခံစားလိုပါက စစ်မှန်သောနောင်တစိတ်လိုပါသည်။ ကျွန်ုပ်တို့အနေနှင့်မူ လူတစ်ဦး၏၀န်ခံမှု၌ စစ်မှန်သော နောင်တစိတ်ပါသည်၊ မပါသည်ကို မသိနိုင်၍ အကြိမ်မည်မျှဖြစ်ပါစေ အကြိမ်ခုနစ်ဆယ် ခုနှစ်လီ ခွင့်လွှတ်ဖို့ ဘုရားရှင်က မိန့်မှာ တော်မူပါသည်။ ကျွန်ုပ်တို့က လူအချင်းချင်း ကယ်တင်ခြင်းမပေးနိုင်သော်လည်း ခွင့်လွှတ်ခြင်းကိုမူကား ပေးနိုင်သည်ဖြစ်၍ အကြိမ်မည်မျှဖြစ်ပါစေ ခွင့်လွှတ်ဖို့ ကိုယ်တော်အလိုတော်ရှိပါသည်။

လာလိုသူတိုင်းလာနိုင်ခွင့်ရှိ
ဘုရားရှင်က လာလိုသောသူတိုင်း မိမိထံသို့ လာနိုင်ကြောင်း မိန့်တော်မူပါသည်။ မိမိထံသို့လာသောသူသည် မိမိအပြစ်ကိုမြင်၍ သံဝေဂတရားရပြီး စစ်မှန်သောနောင်တစိတ်နှင့် လာသည်မလာသည်ကို ကိုယ်တော်က သိမြင်ပါသည်။ မည်သူတစ်ဦးတစ်ယောက်မှ ထာဝရဘုရားကို လှည့်စား၍မရပါ။ စစ်မှန်သောနောင်တစိတ်နှင့်လာသောသူတိုင်းကိုလည်း အပြစ်စီရင်ခြင်းခံရမည့်အခြေမှ လွတ်ငြိမ်းချမ်းသာခွင့်ကို ပေးပါသည်။ စစ်မှန်သော နောင်တစိတ်နှင့်လာ၍ ဘုရားရှင်ထံမှ ခွင့်လွတ်ခြင်းကိုရပြီး လူသစ်စိတ်သစ်နှင့် အသက်တာသစ်၌ ရှင်သန်နေကြသောသူများစွာ ရှိကြပါသည်။ (လု၊ ၂၃း၃၉-၄၃) သခင်ယေရှုကို ကားတိုင်ထက်၌ ကျွန်ုပ်တို့လူသားများ အပြစ်ကြွေးကို ဆပ်ပေးဖို့ရန် ရိုက်ထားသည့်အချိန်၌ ကိုယ်တော်၏ကားတိုင်တော်တစ်ဖက်တစ်ချက်တွင် ဓားပြနှစ်ဦးကိုလည်း ရိုက်ထားပါသည်။ သူတို့နှစ်ဦးသည် အပြစ်စီရင်ခံရမှုခြင်း တူသော်လည်း နှလုံးသားချင်းက မတူကြပါ။ တစ်ဦးက မိမိအပြစ်ကြောင့် ခံနေရပါလျှက်နှင့် မိမိအပြစ်ကို မမြင်၊ ၀န်မခံ၊ ယခု ခံစားနေရသောအပြစ်ဒဏ်မှ လွှတ်ခွင့်ရပါက ထပ်၍ ဆိုးမိုက်ဖို့ရန် လွတ်လို၍ ကိုယ်တော်ကယ်ဖို့ရန် စကားဆိုပါသည်။ ထိုသူ၏စကားကို ကိုယ်တော်ကမမှတ်ယူပါ။ အဖြေလည်းမပေးပါ။ ကိုယ်တော်၏ ခွင့်လွတ်ခြင်းကိုလည်း ထိုသူမခံစားရပါ။ အခြားထားပြတစ်ဦးမှာမူကား မိမိအပြစ်ကို သိမြင်ဝန်ခံပြီး၊ မိမိအဖော်၏ မှားယွင်းသောစကားအတွက်လည်း သတိပေးပါသည်။ ထို့နောက် စစ်မှန်သော နောင်တစိတ်နှင့် ကိုယ်တော်ထံမှ အပြစ်ခွင့်လွတ်ခြင်းရဖို့ရန်တောင်းခံပါသည်။ သူသည် ဘုရားရှင်ထံမှ ခွင့်လွှတ်ခြင်းကျေးဇူးကို ခံစားရပြီး ထာဝရသုခချမ်းသာဘုံ၌ ၀င်စားခွင့်ကို ရသွားပါသည်။ ယနေ့ နိုင်ငံတော်အစိုးရက လွှတ်ငြိမ်းချမ်းသာခွင့်ပေးရာတွင် နိုင်ငံတော်၏မေတ္တာစေတနာကို နားလည်လာကြသူတိုင်းကို ခွင့်လွှတ်သော်လည်း အချိန်ကာလကို သတ်မှတ်ပေးထားပါသည်။ ထို့အတူ ထာဝရသုခချမ်းသာဘုံတွင် ၀င်စားနိုင်ရန် အခွင့်အရေးသည်လည်း လောကအသက်ရှင်နေချိန်၌သာ ခံစားနိုင်သောအရာ ဖြစ်ပါသည်။

အသက်၏အလင်းကိုရဖို့လို
"သေခြင်းသို့မရောက်၊ အသက်ရှင်၍ မိမိဝိညာဉ်ကို မရဏာနိုင်ငံတန်ခိုးမှ ကယ်နှုတ်နိုင်သောသူကား အဘယ်သူနည်း။" (ဆာလံ၊ ၈၉း၄၈) လူသားတိုင်း မွေးနေ့ရှိသလို၊ တစ်နေ့ သေခြင်း၌ လမ်းဆုံးရမည်ဖြစ်သည်။ လူသားတိုင်း သေခြင်းတရားနှင့် တွေ့ကြုံရခြင်းမှာ အပြစ်တရားကြောင့်ဖြစ်သည်။ ကျမ်းစာတော်မြတ်၌ အပြစ်တရားအခသေခြင်းဟု သတိပေးဖေါ်ပြထားပါသည်။ လူသားတိုင်း အကုသိုလ်အပြစ်ကြွေးနှင့် မကင်းပါ။ ခရစ်ယာန်ယုံကြည်သူများအကုသိုလ် အပြစ်ကြွေးနှင့်ကင်းရခြင်းမှာ သူတို့၏ကြိုးစားအားထုတ်မှုကြောင့်မဟုတ်ပါ။ နှစ်ခြင်းမင်္ဂလာခံယူခြင်းကြောင့်မဟုတ်၊ အလှူဒါနပေးကမ်းပါဝင်ခြင်းကြောင့်မဟုတ်ပါ။ သေခြင်းကို အောင်သောအရှင်က ကားတိုင်တော်တရားအားဖြင့် အပြစ်ကြွေးကို ဆပ်ပေးတော်မူခဲ့သောကြောင့် ဖြစ်ပါသည်။ ရုပ်သက်သည် သင်္ခါရဖြစ်သော်လည်း နာမ်သက်သည် ထာဝရဖြစ်၍ မဆုံးနိုင်ပါ။ လူသည်သေခြင်းကို မကြောက်သော်လည်း သေပြီးသည့်နောက် ကြုံတွေ့ရမည်အခြေကို မသိ၍ တွေးပြီး ကြောက်ရွံ့ကြရသည်။ သေခြင်းကို မကြောက်ယုံမျှမက သေပြီးသည့်နောက်ဖြစ်အင်ကို မကြောက်သူ ဤလောက၌ ရှိပါသလား။ တမန်တော်ကြီး ရှင်ပေါလုက သေခြင်းတဖက် ခံစားရမည့်အာမခံချက်ကို သိရှိစိတ်ချနေ၍ ဤလောကသက်ကို ကုန်ဆုံးစေလိုပြီး ငြီးငွေ့လှကြောင်းပြောပါသည်။ ရုပ်မျက်စိအလင်းရှိသူက ပတ်ဝန်းကျင်အလှအပကို ကြည့်၍ ခံစားနိုင်သော်လည်း မျက်စိမမြင်သူက ထိုလှပမှုကို မခံစားနိုင်ပါ။ သားတော်ကို ရသောသူသည် အသက်ကို ရ၏။ ထိုအသက်၌ အလင်းပါ၏။ ယနေ့ လောကကြီးထဲ၌ အလင်း၏ကောင်းမြတ်မှုကို ခဏခံစားကြရသော ခရစ်ယာန်များရှိကြပါသည်။ ဘုရားသခင်၏ကောင်းမြတ်မှုကို မြည်းစမ်း၍ သက်သေရကြသော်လည်း အလင်းရှင်တည်းဟူသော သားတော်ကို အသက်တာ၌ မရကြသေး၍ အလင်းကို မရကြသေးသော ခရစ်ယာန်များစွာရှိကြပါသည်။ ထိုသို့သောသူသည် သေခြင်းကို ကြောက်နေရသော အခြေ၌သာ ရှိနေပေသေး၏။ ယနေ့ အရက်မမူးဘဲ မူးဟန်ဆောင်သောသူများရှိကြသလို ခရစ်ယာန်စကားဝေါဟာရ၊ ဩဝါဒစကားများကို သိပြီးနှုတ်မှ ပြောဆိုနေကြသော်လည်း နှလုံးတွင်း၌ သားတော်မရှိ၍ စစ်မှန်သော ခရစ်ယာန်မဟုတ်သူများစွာ ရှိပါသည်။ ထိုသို့သောသူများသည် စိတ်နှလုံး၌ ငြိမ်သက်မှု မရှိကြပါ။ ကိုယ်တော်ကို နှလုံးသားထဲ၌ ရရှိထားသည့် စစ်မှန်သော ခရစ်ယာန်များမူကား သေခြင်းကို မကြောက်ယုံမျှမက သေပြီးနောက်ခံစားရမည့် အကျိုးရလဒ်ကို ကြိုတင်သိရှိ စိတ်ချပြီး ချီးမွမ်းနိုင်မည်ဖြစ်သည်။ (၂ကော၊၅) လောကသားများက လောကဒုက္ခကြောင့် ငြီးတွားပြီး လောကကြီးကို ငြီးငွေ့နေကြသော်လည်း ယုံကြည်သူများက တမလွန်ခံစားရမည့်အကျိုးရလဒ်ကို ကြိုတင်သိမြင်ပြီး လောက၌ သုခခံစားနေရချိန်၌ပင် လောကအသက်ကို ငြီးငွေ့ကြပါသည်။ လောကသုခသည် ကောင်းကင်သုခချမ်းသာနှင့် မည်သို့မျှနှိုင်းယှဉ်၍ မရနိုင်ပါ။

ထာဝရဘုရားရှေ့တော်၌ ငြိမ်သက်ခြင်း
(ရော ၄း၂၅၊ ၅း၁) သေခြင်းကိုအောင်၍ ရှင်ပြန်ထမြောက်တော်မူသော သခင်ဘုရားကို ကျွန်ုပ်တို့ အသက်တာထဲ၌ ရရှိထားပါက ဘုရားသခင်ရှေ့တော်တွင် ငြိမ်သက်ခြင်းကို ခံစားကြရပါသည်။ ထိုသူသည် လောကအသက်ရှင်နေစဉ် ပူပင်စရာအမျိုးမျိုးရှိသော်လည်း သေပြီးနောက် ဖြစ်အင်အတွက် စိတ်ပူစရာမလိုတော့ပါ။ အကြောင်းမှာ သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူသော သခင်ယေရှုခရစ်အားဖြင့် ဘုရားသခင်ရှေ့တွင် ငြိမ်သက်ခြင်းကို ရရှိထားပြီး၍ ဖြစ်ပါသည်။ ထိုငြိမ်သက်ခြင်းကို မရရှိသေးပါက တရားကို သိလေလေ တမလွန်အတွက် စိတ်ပူလေလေဖြစ်လေသည်။ မတရားသောအမှု ပြုခဲ့သမျှအပေါ် ဒဏ်တိုး၍ စီရင်ခံရမည်ဖြစ်ကြောင်း တရားက ထောက်ပြနေပါသည်။ တရားသမားမှန်လျှင် မိမိအကုသိုလ်အကျိုးအပယ်သို့ တိုးရမည်ဖြစ်ကြောင်းသိပါသည်။ သို့ဖြစ်၍ မိမိတို့ဝန်လေးသောအမှုများအတွက် ဘုရားရှင်ကို ကိုးစားပါ။ ကိုယ်တော်ထံသို့ လာပါက ကိုယ်တော်က ချမ်းသာပေးမည်ဖြစ်သည်။ တရားက မနိုင်သောအမှုကို ဘုရားသခင်က ပိုင်တော်မူပါသည်။ (ရော၊၈း၁) ဘုရားရှင်၏ ကယ်နှုတ်မှုကို မျှော်လင့်ကိုးစား၍ စစ်မှန်သော နောင်တစိတ်နှင့် တိုးဝင်ချဉ်းကပ်သူတိုင်းသည် ဘုရားသခင်၏မစမှုအားဖြင့် အပြစ်စီရင်ခြင်းခံရမည့် အခြေအနေမှ လွတ်ခွင်ရကြပါသည်။ (ဟေရှာ ၊ ၅၅း၆-၇) ဆုံးသောသူသည် မိမိလမ်းကို လည်းကောင်း၊ မတရားသောသူသည် မိမိအကြံအစည်တို့ကိုလည်းကောင်း စွန့်ပစ်၍ ထာဝရဘုရားထံတော်သို့ ပြန်လာပါက ဘုရားသခင်၏သနားတော်မူခြင်းကို ခံရမည်ဖြစ်သည်။ ဘုရားသခင်သည် စစ်မှန်သောနောင်တနှင့် တိုးဝင်သောသူကိုသာ သနား၍ ခွင့်လွှတ်သောဘုရားဖြစ်သည်။ လူမိုက်အားပေး ခွင့်လွတ်ခြင်းမျိုးမဟုတ်ပါ။ ကျွန်ုပ်တို့သည် ဘုရားရှင်ရှေ့တော်သို့ စစ်မှန်သောနောင်တစိတ်နှင့် တိုးဝင်ခြင်းအားဖြင့် ထာဝရဘုရားထံတော်မှ ငြိမ်သက်ခြင်းကို ခံစားကြဖို့ရန် အသက်တာများကို ပြင်ဆင်ဖို့ မေတ္တာဖြင့် ဝေငှလိုက်ပါသည်။
-=-=-=-=-=-=-=-
ညီအစ်ကိုကြီး ဦးတင်မောင်ထွန်း
တရားဒေသပေါင်းချုပ် မှ ဖော်ပြသည်။

Comments

Popular posts from this blog

ဘုရားသခင်ကို ချီးမွမ်းသည့်အသက်တာ

ယောသပ်ကို ကျွန်အဖြစ်ရောင်းစားခံရခြင်း

သင်၏တဲရာကို ကျယ်စေလော့